ဂျီတီအိုင်နှင့် တီအိပ်ချ်အက်စ် ကျောင်းသားများကို တစ်လကျပ်သုံးသောင်း ထောက်ပံ့ရန် လွှတ်တော်တင်

ဂျီတီအိုင်နှင့် တီအိပ်ချ်အက်စ် ကျောင်းသားများကို တစ်လကျပ်သုံးသောင်း ထောက်ပံ့ရန် လွှတ်တော်တင်
by -
မဇ္စျိမ

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (GTI)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (THS)များ၌ လာမည့်ပညာသင်နှစ်သစ်တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ အားလုံး ပညာသင်ထောက်ပံ့ကြေးပေးရန် လွှတ်တော်သို့ တင်ပြထားကြောင်း အဆိုပါဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတင်ဝေက ပြောသည်။

ရုံးအဖွဲ့မှူးက ''လွှတ်တော်ကသာ ခွင့်ပြုမယ်ဆိုရင် လာမယ့် ၂ဝ၁၅-၁၆ ပညာသင်နှစ် GTI နဲ့ THS ကျောင်းများ စဖွင့်တဲ့ အချိန်ကစပြီး တက်ရောက်တဲ့ ကျောင်းသား/သူ တစ်ယောက်ကို တစ်လ ကျပ်သုံးသောင်း ထောာက် ပံ့ပေးသွားမှာ ဖြစ်ပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။

Technological-University-Thanlyin

ယင်းသို့ ကျောင်းသားများအား ထောက်ပံ့နိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဘဏ္ဍာရေး ဝန်ကြီးဌာနမှတစ်ဆင့် လွှတ်တော်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် ထောက်ပံ့ပေးသွားမည်ဟုလည်း ၎င်းက ရှင်းပြသည်။

၂ဝ၁၅-၁၆ ပညာသင်နှစ်တစ်ခုတည်းအတွက် ကျောင်းသားများအား ထောက်ပံ့ရန် လျာထားတင်ပြငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့်ရှိပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ တက်ရောက်မည့် ကျောင်းသားများအတွက် ကျပ် ၁ ဒသမ ၁၈၄ ဘီလီယံနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း တက်ရောက်မည့် ကျောင်းသားများ အတွက် ကျပ် ရ၂၆သန်း လျာထားကြောင်း ရုံးအဖွဲ့မှူးက ဆိုသည်။

ကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေးကို ၁၉၉၆ခုနှစ်ထိပေးခဲ့ပြီးနောက် ကျောင်းများ ခေတ္တ ပိတ်ခဲ့ရသည့်အတွက် ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည်ထောက်ပံ့နိုင်ရန် ဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြတောင်းခံခြင်းဖြစ်ကြောင်းလည်း ရုံးအဖွဲ့မှူးက ရှင်းပြသည်။

ရုံးအဖွဲ့မှူး ဦးတင်ဝေက ''ကျွန်တော်တို့ ခန့်မှန်းချက်အရ အခြေခံဝန်ထမ်း အနိမ့်ဆုံးလစာရဲ့ သုံးပုံတစ်ပုံပေါ့ ။ ကျောင်းမှာ စာအုပ်၊ စာရွက်စာတမ်း၊ သင်ထောက်ကူပစ္စည်း စတဲ့ဟာတွေကိုတော့ သာမန်အားဖြင့် အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်'' ဟု မဇ္ဈိမကိုပြောသည်။

ယခင်အစိုးရလက်ထက်တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတက်ရောက်နေသော ကျောင်းသား/သူ ၆ဝရာခိုင်နှုန်းနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား/သူ ရ၅ရာခိုင်နှုန်းသာ ပညာသင်ထောက်ပံ့ကြေး ရရှိခဲ့သော်လည်း လာမည့်ပညာသင်နှစ်တွင်မူ လွှတ်တော်က ခွင့်ပြုခဲ့လျှင် တက်ရောကမည့်် ကျောင်းသား/သူအားလုံးကို ထောက်ပံ့ကြေးရရှိမည် ဖြစ်သည်။

လက်ရှိတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၁၈ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၄ကျောင်း ဖွင့်လှစ်ထားသည်။

Most read this week