တိုင်တန်းမှ ဖြေရှင်းခြင်းထက် အမှန်တကယ် ဖြစ်နေသည်များကို ဖြေရှင်းရန်လိုဟု ဆို

တိုင်တန်းမှ ဖြေရှင်းခြင်းထက် အမှန်တကယ် ဖြစ်နေသည်များကို ဖြေရှင်းရန်လိုဟု ဆို
by -
မဇ္စျိမ

လယ်ယာမြေ ပြဿနာများကို လယ်ယာမြေကော်မရှင်မှ စာတင်တိုင်ကြားမှ အစိုးရအဖွဲ့က ဖြေရှင်းပေးခြင်းထက် အမှန်တကယ် ဖြစ်နေသည်များကို ဖြေရှင်းပေးရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ပြောသည်။

ဇလွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က ''ကျွန်တော်တို့ စာမပါဘဲနဲ့ တကယ်ဖြစ်နေ တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်''ဟု ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြား သည်။

Shan-Agrarian-Collections

ကော်မရှင်က ရောက်လာသည့်တိုင်စာများကို ကြည့်ပါက ကော်မရှင်ကို လိပ်မူထားသည်သာမက သမ္မတ ဦးသိန်းစိန်မှသည် အောက်ခြေမြို့နယ်၊ ခရိုင်အဆင့်ထိ ပါဝင်သည်ဟုလည်း ၎င်းက ပြောသည်။

၄င်းက ''တချို့ဟာတွေက ပြန်စွှန့်လွှတ်တော့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ်အောက်ခြေမှာ ပြည်သူတွေ က လက်ဝယ်မရဘူး''ဟု ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လယ်ယာမြေပိုင်ဆိုင်မှုများကို ခိုင်ခိုင်မာမာ လွှဲပြောင်းပေးနိုင်အောင် ဆောင်ရွက်နေသည်ဟု ဆိုသည်။

၎င်းက ''မူလက လယ်ယာမြေဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)နဲ့တကွ ပေးအပ်နိုင်အောင် သက်ဆိုင်ရာ ကော်မတီ အဆင့်ဆင့်မှာ ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

လက်ရှိတွင် သိမ်းဆည်းထားပြီး ပြန်လည်စွန့်လွှတ်ထားသည့် မြေဧကပေါင်း ၃၂၃,၉၈၈ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ဖြေရှင်းရန်ခက်ခဲနေသည့် မြေယာပြဿနာများကို လွှတ်တော်မြေယာကော်မတီနှင့် အစိုးရကဖွဲ့စည်းထားသည့် မြေ ယာစီမံခန့်ခွဲမှုကော်မတီတို့ ညှိနှိုင်းဖြေရှင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း  တိုက်တွန်းလိုက်သည်။

၎င်းက ''လယ်ယာမြေ အဖွဲ့ခွဲများနဲ့ သက်ဆိုင်ရာတိုင်းမှာရှိကြတဲ့ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေ ညှိနှိုင်းခြင်းဟာ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စအဆင်ပြေဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကို လိုအပ်သလို ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း တင်ပြပါတယ်'' ဟု ဆိုသည်။