မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်း၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားသို့ နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားခဲ့ရာ သမဝါယမချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများအတွက် အရစ်ကျ စနစ်ဖြင့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ကျပ်သန်း ရ၀၀၀ နီးပါး ပံ့ပိုးခဲ့ကြောင်း သိရသည်။
ဒုသမ္မတက “မွန်ပြည်နယ်ရဲ့ ဆင်းရဲတဲ့ရာခိုင်နှုန်းက တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ (နေပြည်တော်ကောင်စီ အပါအဝင်) ဆင်းရဲမှုနှုန်း အနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒါက အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြား ခဲ့သည်။
မွန်ပြည်နယ်၏ ဆင်းရဲမှုနှုန်းကို ပြန်ကြည့်လျှင် ၂၀ဝ၅ ခုနှစ်က ၂၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းရှိခဲ့ ပါကြောင်း၊ ထောင်စုနှစ် ရည်မှန်းချက်အရ ၂၂ရာခိုင်နှုန်းမှ ၁၁ရာခိုင်နှုန်းအထိ လျှော့ချပေး ရမည် ဖြစ်ပါကြောင်း၊ ထိုရည်မှန်းချက်ကို ပြည်ထောင်စုအစိုးရ၊ မွန်ပြည်နယ် အစိုးရနှင့် ပြည်သူပြည်သား အားလုံးက ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း ဒုသမ္မတက ပြောကြားခဲ့သည်။
မွန်ပြည်နယ် ၁၀မြို့နယ်အတွင်း သမဝါယမကဏ္ဍအတွက် ငွေကျပ် ၅၆၂သန်းကျော် တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ ၈၈ စီးကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ ငွေကျပ် ၁၄၆သန်းကျော်တန်ဖိုးရှိ လုပ်ငန်းသုံး ဆိုင်ကယ် ၁၀၇စီး ရောင်းချပေးခြင်း၊ စိုက်ပျိုးရေး စရိတ်ချေးငွေအဖြစ် ငွေကျပ် ၅၇၁၂သန်းကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သမဝါယမအသင်းနှင့် ပတ်သက်၍ “ မွန်ပြည်နယ်မှာ အသင်းတွေရော အသင်းသားရော နည်းနေပါသေးတယ်။ အသင်းသူ/သားပေါင်းက မွန်ပြည်နယ်အတွင်း လူဦးရေပေါင်း ၂သန်းကျော် ရှိတဲ့အထဲမှာ အခု အသင်းသူ/သားပေါင်းက သုံးသောင်းဆိုတာကတော့ နည်းနေသေးတယ်လို့ ဆိုရပါမယ်” ဟုပြောသည်။
ယခင်ပံ့ပိုးပေးခဲ့သော ချေးငွေအားလုံးကို မွန်ပြည်နယ်အနေနှင့် တာဝန်သိသိ၊ သစ္စာရှိရှိနှင့် အားလုံး အကျေ ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ်က “ကျနော်တို့နိုင်ငံမှာ သမဝါယမကို ကြောက်ကြတယ်။ ရှေးတုန်းကဖြစ်ခဲ့တဲ့ အခြေအနေကြောင့် ကြောက်တာပဲဖြစ်ပါတယ်။ Mindset တွေကိုလည်း ပြောင်းဖို့လိုလာပါပြီ။ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပြောင်းလဲဖို့ လိုလာပါပြီ။ အခုလို ဒီမိုကရေစီစနစ်နဲ့ သွားတဲ့အခါမှာ စုပေါင်းဆောင် ရွက်ခြင်းဖြင့် အချင်းချင်းအားကို ကိုးပြီး အရင်းအနှီး မနိုင်ရင် သူများနဲ့ပေါင်းရမယ်။ အရင်းအနှီးလည်း ရှာရမယ်။ ကြိုးစားရမယ်” ဟု ဆက်ပြောသည်။
အဆိုပါအခမ်းအနားသို့ ဒုသမ္မတအမှူးပြုသော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဦးမောင်မြင့်၊ ဦးကျော်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ် သမဝါယမ အသင်းစုချုပ် အမှုဆောင်များ၊ အသင်းစု အမှုဆောင်များနှင့် အသင်းသားများ၊ မြို့မိဖြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်ကို တွေ့ရသည်။