လေးပွင့်ဆိုင်သဘောတူမှု ကျောင်းသားတို့ မလိုက်နာက ဥပဒေတိုင်းလုပ်မည်ဟု ပြည်ထဲရေး ဒု-ဝန်ကြီး ပြော

လေးပွင့်ဆိုင်သဘောတူမှု ကျောင်းသားတို့ မလိုက်နာက ဥပဒေတိုင်းလုပ်မည်ဟု ပြည်ထဲရေး ဒု-ဝန်ကြီး ပြော
by -
မဇ္စျိမ

 ကျောင်းသားများအနေဖြင့် လေးပွင့်ဆိုင် သဘောတူထားသည့်အတိုင်း လိုက်နာစေလိုကြောင်း၊ သို့မဟုတ်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးက ဖေဖေါ်ဝါရီ ၁၇ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ဖြေကြားခဲ့သည်။

''လေးပွင့်ဆိုင် ဆွေးနွေးပြီးပြီဆိုတော့ ကျောင်းသား ဘက်ကရော၊ အစိုးရရော ကျန်တဲ့ပါဝင်တဲ့ အဖွဲ့တွေကရော အကုန်လုံးက သဘောတူဆုံးဖြတ်ပြီး သူတို့ကိုယ်တိုင်လည်း လက်မှတ်ရေးထိုးပြီးသားဖြစ်တယ်၊ အဲဒီအပေါ် မူတည်ပြီးတော့ လုပ်မယ်ဆိုပြီးတော့ သပိတ်စစ်ကြောင်းတွေ ရန်ကုန်ကိုဆက်သွားရင် မလိုလားအပ်တဲ့ တခြားပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် ဟန်တားရခြင်း ဖြစ်ပါတယ်၊ တကယ်လို့များ တားလို့မရဘဲ ဝင်လာခဲ့ရင် ထုတ်ပြန်ကြေညာပြီး ဖြစ်တဲ့အတိုင်းပဲ သူ့ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ'' ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မီဒီယာကို ဖြေကြားခဲ့သည်။

Four-Star-Fourth-Meet-For-ESU-Law-07

ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်တိုင်းဒေသကြီးအထိ ချီတက်ဝင်ရောက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု အစိုးရအဖွဲ့က ကြေညာထားချိန်တွင် တောင်းဆိုချက်များကို လွှတ်တော်က ပြဋ္ဌာန်းပြီးမှသာ သပိတ်လှန်မည်ဟု ကျောင်းသားခေါင်းဆောင်တို့က ဖေဖော်ဝါရီ ၁၂ရက်တွင် တုံ့ပြန်ခဲ့ပြီး တင်းမာဆဲ အခြေအနေပေါ်ပေါက်ခဲ့ကာ ကျောင်းသားသပိတ်စစ်ကြောင်းကို အဓိကရုဏ်းနှိမ်နင်းသည့် နည်းမျိုးစုံဖြင့် အရေးယူခြင်းများ ပေါ်ပေါက်လာမည်လားဟု ပြည်သူတို့ စိုးရိမ်ပူပန်ခဲ့ကြသည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ''လွှတ်တော် အဆုံးအဖြတ်များ ကျေနပ်မှုမရရှိပါက ရန်ကုန်အထိဆက်လက်ချီတက်မည်။ ကျေနပ်စရာရလဒ် ကောင်းရရှိပါကလည်း ကျောင်းသားတို့၏ အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်'' ဟု ဖေဖော်ဝါရီ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် ပြည်သူတို့၏ စိုးရိမ်မှုက ပိုကြီးလာခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း အစိုးရ၊ NEER၊ လွှတ်တော်နှင့် ကျောင်းသား ကိုယ်စားလှယ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကာ ကြေညာချက်တစ်ခု ပူးတွဲထုတ်ပြန်နိုင်ခဲ့ကြသည်။ ထိုကြေညာချက်အရ အမျိုးသား ပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖောဝါရီ ၁၅ရက်တွင် အပြီးရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် လွှတ်တော်သို ့ တင်သွင်းရမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ရက်၌ လွှတ်တော်သို့ တင်သွင်းပြီး ၁၇ရက်တွင် ဆွေးနွေးကြမည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဖေဖော်ဝါရီ ၁၄ရက်၏ လေးပွင့်ဆိုင် ရလဒ်ကောင်းများကြောင့် ဧရာဝတီတိုင်းဒေသကြီး  အတွင်း မိုင် ၁ဝဝကျော် ချီတက်ဆန္ဒပြပြီးဖြစ်သည့် ကျောင်းသား ၁ဝဝကျော် ပါဝင်သည့် သပိတ်စစ်ကြောင်း ကမူ တောင်းဆိုချက်များကို အစိုးဘက်က လိုက်လျောခဲ့သည့်အတွက် ဘိုကလေးမြို့အရောက်တွင် ယာယီရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၆ရက် ညနေ ၃ နာရီခွဲတွင် လူမှုကွန်ရက်သတင်းများ၌ ပါရှိလာသည်။

ရန်ကုန်သို့ ချီတက်နေသည့် ကျောင်းသားတို့၏ အဓိကစစ်ကြောင်းကို ဒေသအာဏာပိုင်တို့က တား၍ရနိုင်သည့် အခြေအနေ ရှိ/မရှိ ဆိုသည်နှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက ''သက်ဆိုင်ရာ တိုင်းဒေသကြီးမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေပဲ သိနိုင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ လုပ်နေပါတယ်။

ကိုယ်တို့ကတော့ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက် တာဝန်ကို ပြည်ထဲရေးက ဆောင်ရွက်နေတာဖြစ်တယ်၊ အဲ့ဒီအပေါ်မူတည်ပြီးတော့ ဒါကို ကိုယ့်ဟာကိုယ် တည်ငြိမ်အေးချမ်းတဲ့ အနေအထားနဲ့ လေးပွင့်ဆိုင် သဘောတူဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ကိုင်ကြတာ အကောင်းဆုံးပါပဲ'' ဟု ပြန်လည်ဖြေကြားခဲ့သည်။