ပြည်ထောင်စု အစိုးရ ငြိမ်းချမ်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ပြည်ထောင်စုနေ့ နောက်ပိုင်း တစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် သဘောတူထားမှုကို ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
ဖေဖော်ဝါရီလ ၅ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် NCCT ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၁၂ရက် နောက်ပိုင်း တစ်ပတ်အတွင် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသော်လည်း NCCT ဘက်မှ လူမစုံသဖြင့် လာမည့် ၂၀ကျော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။
“တွေ့ဖို့တော့ စီစဉ်နေတယ်။ နည်းနည်း နောက်ဆုတ်သွားတယ်။ တခြားအလုပ်တွေ ပေါ်လာလို့ အန်စီစီတီဘက်က အစည်းအဝေးတွေ လိုက်တက်ရလို့ လူတွေ မအားကြလို့ပါ။ ၂၀ရက် နောက်ပိုင်း မှ တွေ့ဖြစ်မယ်၊” ဟု နိုင်ဟံသာက ပြောသည်။
ယင်း NCCT၏ အစည်းအဝေးတွင် MPC ဘက်မှ ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုနေ့ နေပြည်တော် တွင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ လာရောက် ရှင်းပြမည်ဟု ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
“ဒီနေ့(ဖေဖေါ်ဝါရီ ၁၆) ပြန်ကြားတာက အန်စီစီအဖွဲ့က လူမစုံသေးတဲ့အတွက် သူတို့ ၂၄ရက်ဝန်းကျင်လောက် မှဘဲ အန်စီစီတီ အစည်းအဝေး လုပ်နိုင်မယ်။ ကျွန်တော်တို့ အလုပ်အဖွဲ့ကိုလည်း လာရောက်ပြီးတော့ ရှင်းပြဖို့အတွက် ဖိတ်ခေါ်ထားတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အလုပ်အဖွဲ့ကတော့ သူတို့ လုပ်ဖြစ်တယ်ဆိုရင် သွားရောက်ပြီးတော့ တင်ပြမှာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်က လူမစုံ သေးလို့ စောင့်နေပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ယခုလမကုန်မိ UPWCနှင့် NCCT ကိုယ်စားလှယ်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးပွဲကို အစိုးရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ရှမ်း(သျှမ်း)ပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (ဒီကေဘီအေ)နှင့် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တို့ လေးဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလက တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်လက်ညှိနှိုင်းရန် ကျန်နေသောအချက်များကို ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံဆွေးနွေးမည်ဟု ဖေဖော်ဝါရီလ ၅ရက်က နှစ်ဖက်သဘောတူခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် UPWC တို့သည် ဆက်လက်ညှိနှိုင်းရန် အချက် ၈ချက်ခန့် ကျန်နေသေးကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက UPWCနှင့် NCCTတို့ ၆ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ငါးလကြာသည် အထိ ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပေ။