လောက်ကိုင်တိုက်ပွဲတွင် ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်းများ ပြန်လည်တာဝန်ယူရလိမ့်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်ရောက် လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်များ အား ဖေဖေါ်ဝါရီ ၁၃ရက် နံနက်ပိုင်း၌ တွေ့ဆုံစဉ်ပြောကြားလိုက်သည်။
တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ အကြောင်းပြောတယ်၊ တပ်မတော်ရဲ့ အမျိုးသားရေး ဦးတည်ချက်တွေပေါ့၊ ပါတီစုံဒီမိုကရေစီ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေပြီ၊ အရောက် လျှောက်လှမ်းစေလိုတယ်၊ အဲဒီလို လျှောက်လှမ်းနေစဉ် တရားဥပဒေစိုးမိုးမှုရှိရမယ်။ နောက်တော့ မူးယစ်ဆေးဝါးကိစ္စနဲ့ လောက်ကိုင် ပြဿနာပေါ့။ ပါဝင်ပတ်သက်နေမှုအတွက် တာဝန်ပြန်ယူရလိမ့်မယ်တဲ့” ဟုပါဝင်တက်ရောက်သူ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အရာရှိတဦးက ပြောသည်။
ထို့အပြင် ပြည်ပအသိုင်းအဝိုင်းက မြန်မာနိုင်ငံအား လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေ သည်ဟု စွပ်စွဲပြောဆိုနေကြောင်း၊ မြန်မာအတွက် သာမက ကမ္ဘာ့အသိုင်းအဝိုင်းပါ အန္တရာယ်ဖြစ်စေကြောင်း၊ ထို့အတွက် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြား သည်ဟုဆိုသည်။
“လောက်ကိုင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်။ အပြတ်ကို အော်ပရေးရှင်း လုပ်ပစ်မယ်။ လိုအပ်ရင် လေယာဉ်ထပ်အသုံးပြုပြီး အဲဒီကိုးကန့်ဒေသကို တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေကို ခြေမှုန်းပစ်မယ်တဲ့။ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်လဲ လားရှိုးရောက်နေပြီး ကိုယ်တိုင် ကြပ်မတ်ကွပ်ကဲနေတယ်တဲ့” - ဟု နေပြည်တော်ရောက် သျှမ်းတပ်အရာရှိ နောက်တဦးကလည်းပြောသည်။
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားတပ်ဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ လက်ခံတွေ့ဆုံပြီးနောက်ပိုင်း ၎င်းတို့အား ပြည်ထောင်စု လွှတ်တော်ဥက္ကဌက လက်ခံတွေ့ဆုံသည်။