ဝှိုက်ကတ်များ ပြန်အပ်ပါက နိုင်ငံသား လက်မှတ်ရမည်ဟု ယူဆနေ

ဝှိုက်ကတ်များ ပြန်အပ်ပါက နိုင်ငံသား လက်မှတ်ရမည်ဟု ယူဆနေ
by -
မဇ္စျိမ

ယာယီ သက်သေခံလက်မှတ် (ဝှိုက်ကတ်)များ သက်တမ်းကုန်ဆုံးသဖြင့် မေလ ၃၁ရက် နောက်ဆုံးထားပြန် လည်အပ်နှံရန် အစိုးရက သတင်းထုတ်ပြန်လိုက်ပြီး ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ် ကိုင်ဆောင်သူများက နိုင်ငံသား စိစစ်ရေးကတ်နှင့် လဲလှယ်ရရှိမည်ဟု ယူဆမှုများ ရှိနေသည်။

ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်ကိုင်ဆိုင်သူများသည် မိသားစုတစ်ခုလုံး သော်လည်းကောင်း၊ မိသားစုဝင်အချို့က ပန်းရောင် နိုင်ငံသားကတ်ရထားပြီး အချို့က အဖြူ ကတ်ဖြင့်နေထိုင်သူများရှိရာ ၎င်းတို့က အဖြူကတ်ကို ပြန် အပ်ပါက နိုင်ငံသားအသိအမှတ်ပြုကတ် ပန်းရောင်ကတ်များ ပြန်ရရှိမည်ဟု ယူဆနေခြင်း ဖြစ်သည် ။

Whitecard

''ဒီလို ထုတ်ပြန်ချက်ကို ကြိုဆိုတယ်။ ဒီလိုဖြေရှင်းတာက ရခိုင်ပြည်နယ်ရဲ့ အရှုပ်အထွေးကို လည်း ပြေလည်လိမ့်မယ်'' ဟု ရခိုင်ပြည်နယ်မှ ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးအောင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ခုနစ်သိန်းရှိပြီး ၎င်းတို့၏ ကတ်များသည် မတ်လ ၃၁ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မေလ ၃၁ရက် နောက်ဆုံးထားကာ အစိုးရထံ ပြန်လည်အပ်နှံရမည်ဖြစ်သည်။

ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးအောင်လှထွန်းက ''မှန်မှန်ကန်ကန်နဲ့ စိစစ်မယ်ဆိုရင်တော့ အများစုက နိုင်ငံသား ကတ်ရရှိနိုင်မယ်လို့ ထင်တယ်။ မဲပေးခွင့်တွေ မဆုံးရှုံးအောင် လုပ်ငန်းစဉ်တွေကိုတော့ မြန်မြန်ဆောင် ရွက်ပေးစေချင်ပါတယ်'' ဟု ဆိုသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံ ယူပွဲတွင် ဆန္ဒမဲပေးခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားပြီး ဝေဖန်ကန့်ကွက်သူ များ ပေါ်ပေါက်လာချိန်တွင် ''ဝှိုက်ကတ်များ သက်တမ်းကုန်ဆုံးပြီး ပြန်လည်အပ်နှံရမည်'' ဟု သမ္မတရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဝှိုက်ကတ်များ ပြန်လည်သိမ်းဆည်းလိုက်သော်လည်း ထိုအစား နိုင်ငံသားကတ်များ ထုတ်ပေးလိုက်မည်ကို စိုးရိမ်လျက်ရှိသည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

''ဒီလူတွေရဲ့ မဲတွေကိုလိုချင်လို့ နိုင်ငံသားကတ်တွေ ထုတ်ပေးဦးမလား စောင့်ကြည့်နေတုန်းပဲ ဖြစ်ပါတယ်'' ဟု ၎င်းက ဆိုသည်။