တိုက်ပွဲများ ချက်ချင်းရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြရန် ကိုးကန့်ပါတီ တောင်းဆို

တိုက်ပွဲများ ချက်ချင်းရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြရန် ကိုးကန့်ပါတီ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ကုန်းကြမ်းခရိုင်အတွင်း မြန်မာအစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော တပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး ဒေသခံလူထု သောင်းနှင့်ချီကာ နေရပ်မှ စွန့်ခွာနေရသည့် အတွက် ပြည်ထောင်စုကို ချစ်မြတ်နိုးသော စိတ်ဓါတ်ဖြင့် စစ်ပွဲချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြရန်  သျှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက တောင်းဆိုလိုက်သည်။

“တဘက်ကိုတဘက် အပြစ်ရှာ၊ ရန်ရှာတိုက်ခိုက်နေတာတွေ ရပ်တန်းကရပ်သင့်ပြီ၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်ကိုကာကွယ်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့  တာဝန်ဖြစ်တယ်။ တိုက်ပွဲတွေရပ်ပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု သျှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဉက္ကဌ ဦးဆန်တိုနီက ပြောသည်။

လားရှိုးရောက် လောက်ကိုင်ဒေသမှ စစ်ပြေးဒုက္ခသည်များ ( ဓါတ်ပုံ- Lashio News)

လက်ရှိအနေအထားအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာအစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု- MNDAA)တို့ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ  ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲကြောင့် ဒေသခံများ၏ ရပ်ရွာများ၊ နေအိမ်များနှင့် ဈေးဆိုင်များ ပျက်စီးဆုံးရှုံးသည့်အပြင် နှစ်ဘက်စစ် သည်များလည်း အများအပြား သေကြေဒဏ်ရာရရှိခဲ့ကြသည်။

လောက်ကိုင်ဒေသမှစစ်ဘေးဒဏ်သင့် ဒေသခံထောင်ချီတို့သည် လားရှိုးမြို့သို့ စစ်ဘေးရှောင်ရန် ရောက် ရှိနေကြကြောင်း မန်ဆူဘုရားကျောင်းဝင်းတွင်လည်း စစ်ဘေးဒုက္ခသည်များဖြင့် ပြည့်နေကြောင်း လားရှိုးဒေသခံများကပြောသည်။

ဖေဖေါ်ဝါရီလ ပထမပတ်မှယနေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့နယ်အတွင်း နှစ် ဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြန်မာအစိုးရ တပ်မတော် အရာရှိ ၅ဦး၊ စစ်တည် ၄၇ဦး သေဆုံးသည်ဟု မြန်မာ့အသံ ရုပ်မြင်သံကြားက ထုတ်ပြန်ကြေငြာသည်။

၂၀၀၉ခုနှစ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့်    ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့အား အစိုးရ တပ်မတော်က အင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။

ဖုန်ကြားရှင်းကိုယ်တိုင်လည်း ၂၀၀၉ခုနှစ်က အစိုးရ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် မွေးရပ်မြေမှ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး  ၆နှစ်တာကာလအတွင်း အင်အားပြန်လည်စုစည်းကာ အစိုးရ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည် တိုက်ခိုက်လာခြင်း ဖြစ်သည်။

Most read this week