သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ ကျောက်တိုင်ဝင်းအတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာတွင် တက်ရောက်ခဲ့ကြသော တိုင်းရင်းသား အဖွဲ့အစည်းများက ပင်လုံကတိကဝတ်သည် ပြည်ထောင်စုနှင့် တိုင်းရင်းသားများအတွက် အရေးပါဆုံးဖြစ်ကြောင်း ပြောဆိုပါသည်။
ပင်လုံစာချုပ်ပါ ကတိကဝတ်များသည် ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရန် ပြဌာန်းထားသည့် အချက်များ ပါရှိပြီး ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်မရှိခဲ့ပါက ပြည်ထောင်စုကြီးဖြစ်ပေါ်လာနိုင်စရာမရှိကြောင်း ချင်းတိုးတက်ရေးပါတီ လူငယ်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောသည်။
“နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံဟာ ငြိမ်းချမ်းမှုမရဘဲ ပြည်တွင်းစစ် ခံစားနေရပါတယ်။ ဗိုလ်ချုပ်နဲ့ အတူ တိုင်းရင်းသားပေါင်းစုံ လက်မှတ်ရေးထိုးထားတဲ့ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်တဲ့အတွက် တိုင်းပြည်ဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေရပါတယ်” ဟု ၎င်းက ဆိုပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသူရိန်ဦးက “ပင်လုံ စာချုပ်မှာပါတဲ့အတိုင်း ပြည်ထောင်စုဆိုတာ ဖြစ်လာတယ်။ ဒီလိုမျိုးလူငယ်တွေ မမေ့အောင် အမှတ်တရတွေဖြစ်အောင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို လူငယ်တွေက လေးစားတတ်ဖို့လိုတာပေါ့” ဟုပြောသည်။
ကချင်အမျိုးသားများ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင် လူငယ်တဦးဖြစ်သည့် ကိုသောင်လွန်းက “ ပင်လုံကို လာရတဲ့ စိတ်ဓါတ်က တိုင်းရင်းသားတွေနဲ့အတူတကွ ပြန်လည်ဆုံဆည်းခွင့်ရတယ်။ ပြီးတော့ ကျနော်တို့ ပင်လုံစိတ်ဓါတ်တွေ ပြန်ပြီးတော့ ရှိလာတဲ့အတွက် ကျနော့်အနေနဲ့ ဝမ်းသာပါတယ်။ တိုင်းရင်းသားတွေ တစုတစည်းတည်းတန်းတူ အခွင့်အရေးရချင်တာ ကျနော်တို့တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်” ဟုပြောသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အလုပ်အမှုဆောင် ဦးကျော်ခင်က ပင်လုံကတိကဝတ်အပေါ် အခြေခံသော စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးစားရမည်ဟု ပြောသည်။
တိုင်းရင်းသားပါတီများ၏ လူငယ်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ် တို့သည် ပင်လုံမြို့၌ ကျင်းပသောပြည်ထောင်စုနေ့အခမ်းအနားသို့ ပထမအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဆုံတွေ့ရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တဦးက “ ပင်လုံစာချုပ်ကို ချုပ်ပြီးတဲ့နောက်ပိုင်းမှာ နှစ် ၆၀ ကျော် ကြာမှ ကျနော်တို့လူငယ်တွေ အားလုံးပြန်ဆုံရတာ။ အခုလို မြင်တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်” ဟု ဆိုသည်။
ပင်လုံစာချုပ် ပါအချက် ၉ ချက်မှာ-
၁- ၀န်ကြီးဟာ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးဖြစ်ရမယ်။
၂-၀န်ကြီးရဲ့ လက်ထောက် နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့ တိုင်းရင်းသား ၂ ဦးဖြစ်ရပါမယ်။
၃- ဒီဝန်ကြီး ၃ ပါးစလုံးဟာ နိုင်ငံတော် အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာ ပါ၀င်ဆွေးနွေးခွင့်ရှိတယ်။
၄- ဒါပေမယ့် သူတို့ မဲထည့်မယ်ဆိုရင် သူတို့ ၃ ယောက်မှာ တမဲဘဲ ထည့်ခွင့်ရပါမယ်။
၅- နယ်စပ်ဒေသ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိရမယ်။
၆- မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်းဒေသနဲ့ ပေါင်းထည့်ပြီးတော့ ကချင်ပြည်နယ် အဖြစ် သတ်မှတ်တယ်။
၇- တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူးအခွင့်အရေး အပြည့်အဝ ခံစားခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူးအခွင့်အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရရှိရမယ်။
၈- ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး သျှမ်းပြည်ရဲ့ ၀င်ငွေတွေကို မထိခိုက် မနစ်နာစေရဘူး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို မြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ်။
၉- ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်ရတဲ့အချိန်အထိ (သျှမ်းပြည်လို ကိုယ့်ခြေပေါ် ကိုယ် ရပ်တည်နိုင်တဲ့ အချိန်အထိ) ကူညီပံ့ပိုးပေးသွားမယ်။- စသည်တို့ ဖြစ်ကြသည်။
ထို့အပြင် ပင်လုံစာချုပ်တွင် မပါရှိသော အဓိက အရေးပါသည့်အချက်တချက်မှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ တန်းတူညီမျှမှုမရှိပါက ခွဲထွက်ပိုင်ခွင့်ရှိသည် ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား ခေါင်းဆောင်များအား နှုတ်ကတိ ပေးခဲ့သည်။