တပ်သိမ်းမြေ ပြန်လည်ရရှိရေး အထောက်အထားခိုင်လုံမှု ရှိမရှိ စစ်ဆေးမည်

တပ်သိမ်းမြေ ပြန်လည်ရရှိရေး အထောက်အထားခိုင်လုံမှု ရှိမရှိ စစ်ဆေးမည်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ တပ်သိမ်းမြေများပြန်လည်ရရှိရန် တိုင်ကြားထားကြ သည့် တောင်သူများအတွက် အထောက်အထား ခိုင်လုံမှုရှိမရှိ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ ဒုဦးစီးမှူး ဦးမျိုးသန့်က ပြောကြားသည်။

“ကျနော်တို့က အဖွဲ့ခွဲပြီးတော့ ကွင်းဆင်းကြည့်တယ်။ ကွင်းဆင်းပြီးမှ ဒီတိုင်တဲ့လူတွေက ဘယ်လို အထောက်အထားတွေနဲ့ တိုင်ရတာလဲ။ သူတို့အထောက်အထားတွေ ပြန်ကြည့်တာပေါ့ ” ဟု ပြောသည်။

mai-kan-rocks

လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စုရှိ မိုက်ကန်းကျေးရွာသူ၊ ရွာသားများက အမြောက်တပ် (၃၆၂)တပ်မှ သိမ်းထားသည့် တောင်ယာမြေ ဧက(၄၀၀)ကျော် ပြန်လည်တောင်းခံထားရာ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် မြေတိုင်းစာရင်းဌာနမှ တိုင်းတာရာတွင် တပ်စွန့်လွှတ်မြေ ၅ဧကသာ ရရှိခဲ့ခြင်းကြောင့် ဒေသခံ များက မကျေမနပ် ဖြစ်နေကြသည့်အပေါ်တွင် ယခုကဲ့သို့ ထပ်မံကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

“တိုင်တဲ့သူရော ဘာကြောင့် တိုင်တာလဲ၊ သူတို့ဟာကို သူများကျူးကျော်နေတာလား။ ကျူးကျော်နေတာဆိုရင် ဘယ်အထောက်အထားကြောင့်လဲ။ အစိုးရကနေပြီးတော့မှ သူ့ကိုတရားဝင်များ ချထားပေးနေတာလား။ ဘာကြောင့် ဝင်ကျူးကျော်လဲ ဆိုတဲ့ အပေါ်မှာမူတည်နေပါတယ် ”ဟု မြေယာများ သိမ်းဆည်းသည့် အကြောင်းနှင့် ပတ်သက်၍ ဦးမျိုးသန့်က ဆိုသည်။

မိုက်ကန်းကျေးရွာမှ တောင်သူများ တောင်းဆိုထားကြသည့် တောင်ယာမြေသည် ဘိုးဘွားစဉ်ဆက်က လုပ်ကိုင်လာကြပြီး ၁၉၉၄ခုနှစ်တွင် ခြေလျင်တပ်ရင်း (၅၃၀)မှ လာပြီး တပ်စတည်ကာ အနားရှိ တောင်ယာဧက (၇၆၅)ဧကကို သိမ်းယူထားပြီး သီးစားခကောက်ယူခြင်းဖြင့် တောင်သူများကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ထို့နောက် တပ်နေရာ အပြောင်းအရွေ့ဖြစ်ပြီး ၂၀၀၂-၂၀၀၃ခုနှစ်တွင်  အစားထိုးပြောင်းရွှေ့လာသည့် အမြောက်တပ် (၃၆၂)က ဆက်လက် သိမ်းဆည်းထားခြင်း ဖြစ်သည်။

မိုက်ကန်းကျေးရွာမှ အိမ်ခြေ(၁၆၄)အိမ်မှာ ထိုသိမ်းဆည်းထားသော မြေနေရာတွင် လုပ်ကိုင်နေကြပြီး လက်ရှိ (၅)ဧကသာ ပြန်ရသဖြင့် ဆက်လက်တောင်းဆိုသွားရန် စီစဉ်ထားကြောင်း၊ ယခုနှစ်တွင် တပ်မှ စိုက်ပျိုးခွင့်မပေးတော့သည့်အတွက် အခြားလုပ်ကိုင်ရန် မြေနေရာမရှိသဖြင့် တောင်ယာများကို လုပ်ကိုင်နိုင်ရန် ဆက်လက်တင်ပြ တောင်းဆိုသွားမည်ဟု မိုက်ကန်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သော ဦးထွန်းကျော်က ပြောသည်။

“ဒီနှစ် ပေးမလုပ်တော့ဘူးပြောထားတယ်။ ပေးမလုပ်ဘူးပြောပေမယ့် လုပ်ရမှာပဲ ။ အခြားလုပ်ကိုင်ဖို့ မြေမရှိဘူးလေ။ အဲတော့ ဘာသွားစားမှာလဲ။ ဒီမြေအပေါ်မှာပဲ မှီခိုနေရတာ” ဟု ၎င်းကပြောသည်။

၄င်းမြေများ ပြန်လည်ရရှိရန် အသနားတောင်းခံစာကို ပြည်နယ်၊ ခရိုင်နှင့် ၀န်ကြီးဌါနတွင် (၂)ကြိမ်တိုင်တိုင် တင်ထားခဲ့ပြီဖြစ်ပြီး ဆက်လက်တောင်းဆိုသွားဖို့လည်း အစီအစဉ် ရှိကြောင်းသိရသည်။

လွိုင်ကော်မြိုရှိ အသိမ်းခံထားရမြေများကို ၂၀၁၄ခုနှစ် ဇွန် (၂၄)တွင် တပ်စွန့်လွတ်မြေအဖြစ် တောင်သူများကို ယာယီလုပ်ပိုင်ခွင့် လက်မှတ်နှင့်အတူ လောပိတနှင့် မထောခူကျေးရွာအုပ်စုကို မြေဧက (၁၆၃၇)ဧက ပေးအပ် ခဲ့ပြီး ကျန်နေသေးသည့် ကျေးရွာများမှ မြေယာများကိုလည်း တောင်သူများက ဆက်လက်တောင်းခံနေ ကြသေးကြောင်း သိရပါသည်။

၄င်းမြေများသည် ပြောင်း၊ စပါး၊ ပဲစင်းငုံစသည့် သီးနှံများကို အဓိကစိုက်ပျိုးကြပြီး ယခင်နှစ်တွင် မြေ(၁)ဧကကို သီးစားခ (၉၀၀၀)ကျပ်ဖြင့် တပ်ကို ပေးဆောင်ခဲ့ကြရပြီး ၂၀၁၄ ခုနှစ်တွင် သီးစားခ ပေးဆောင်ရခြင်း မရှိတော့ကြောင်း သိရပါသည်။

Most read this week