အမျိူးသားပညာရေး ဥပဒေအား ကန့်ကွက်သည့်အနေဖြင့် လှုပ်ရှားနေသည့် ကျောင်းသား သပိတ်စစ်ကြောင်း များသည် ဖော်ဖော်ဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ဆက်တိုက် သပိတ်စစ်ကြောင်းများ နားမည်ဖြစ်ကြောင်း သပိတ်ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့်အတွက် သပိတ်စစ်ကြောင်းများ နားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တတိယအကြိမ်မြောက်ကျင်းပသော ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ကို စောင့်ကြည့်မည်ဖြစ်သည့်အတွက် နားမည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင် ၁၅ဦးတွင်ပါဝင်သော မြေလတ်ဒေသကျောင်းသား ကိုချစ်ဝင်းမောင် ထံမှ သိရသည်။
“ကျွန်တော်တို့ ပင်မ သပိတ်စစ်ကြောင်းတွေ နားမှာပါ၊ ဧရာဝတီနဲ့မွန်-ထားဝယ်-မြေလတ် စစ်ကြောင်း တွေကတော့ မသိသေးပါဘူး၊ သူတို့ရဲ ့ဆန္ဒကိုတော့ မေးရဦးမှာပါ၊ ကျနော်တို့ သပိတ်နားတာပါ သပိတ်လှန်တာ မဟုတ်ပါဘူး”ဟု ကိုချစ်ဝင်းမောင်က ပြောသည်။
ကျောင်းသားသပိတ်များ ၁၄ ရက်နေ့ တတိယမြောက် ၄ပွင့်ဆိုင်ဆွေးနွေးပွဲအခြေအနေပေါ် မှုတည်၍ ရန်ကုန်သို့ ဝင်ရောက်ကောင်း ဝင်ရောက် လာနိုင်ကြောင်း ကိုချစ်ဝင်းမောင်က ဆက်လက်ပြောသည်။
ထိုသို့ ရပ်နားရန် ကျောင်းသားသပိတ်ခေါင်းဆောင် ဗဟို ၁၅ ဦး မှ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ကျွန်တော်ဝန်းရံနေတဲ့ မွန်-ထားဝယ်စစ်ကြောင်းကတော့ ဗိုလ်ချုပ်မွေးနေ့ကို နားမယ်လို့ ကျောင်းသားတွေ ဆုံးဖြတ်ပြီးသားပါ၊ ကျန်တဲ့ နေ့တွေကတော့ ဗဟို ၁၅ ဦးရဲ့ ဆုံးဖြတ်ချက်အပေါ်ဘဲ မူတည်မယ်လို့ ထင်ပါတယ်” ဟု သပိတ်စစ်ကြောင်း တောက်လျှောက် လိုက်ပါဝန်းရံသူ ကိုသူက ပြောသည်။
မွန်-ထားဝယ်-မြေလတ်သပိတ်စစ်ကြောင်းသည် ကျိုက်ထိုမြို့နယ်တွင် ချီတက်တရားပောာခဲ့ပြီး ကျိုက်ထို မြို့နယ်တွင်သာ ညအိပ်နား မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀ဝပြည့် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် သံချပ်ဖျော်ဖြေမှု များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အမျိူးသားပညာရေး ဥပဒေအား သပိတ်မှောက်နေကြသော ကျောင်းသားခေါင်းဆောင် ဗဟို၁၅ဦးအား ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြန်လည်ပြင်ဆင်သည့် အမျိူးသားပညာရေးဥပဒေအား လွှတ်တော်တွင် အလေးအနက်ထား ဆွေးနွေးပေးရန်နှင့် လေးပွင့်ဆိုင် ဆွေးနွေးနေသည့် ကိစ္စများ ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
အမျိူးသားပညာရေး ဥပဒေအား ပြင်ဆင်ရန် ကျောင်းသားတို့ တောင်းဆိုခဲ့သည့် အချက်၁၁ ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒုတိယအကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အစိုးရမှ သဘောတူခဲ့ရာ ကျောင်းသားတို့မှ ပထမအဆင့် အောင်မြင်မှုရခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တတိယအကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အမျိူးသားပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ကျောင်းသား၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက် (NNER) နှင့် အစိုးရ၊ လွှတ်တော်တို့မှ ပူပေါင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။