“ပင်လုံစိတ်ဓာတ်” မရှိပါက နာတာရှည် ပြည်တွင်းစစ် ချုပ်ငြိမ်းမည်မဟုတ်ဟု NLD ထုတ်ပြန်

“ပင်လုံစိတ်ဓာတ်” မရှိပါက နာတာရှည် ပြည်တွင်းစစ် ချုပ်ငြိမ်းမည်မဟုတ်ဟု NLD ထုတ်ပြန်
by -
မဇ္စျိမ

လွတ်လပ်ရေး၊ တန်းတူမျှတရေးနှင့် တရားမျှတရေးဟူသည့် “ပင်လုံစိတ်ဓာတ်” ကို အခြေမခံသမျှ နှစ်ပေါင်း ငါးဆယ်ကျော် သန္ဓေတည်လာသည့် “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ”ကို ပပျောက်အောင် ကုစားနိုင်မည် မဟုတ်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာလိုက်သည်။

 “ပင်လုံစိတ်ဓာတ်”ကို အခြေခံ၍ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ ဆန္ဒနှင့် ဘဝထပ်တူကျစေမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ ကို ဆောင်ရွက်ကြရန်လည်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပနေစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း “ပဋိပက္ခလက်နက်ကိုင်နည်းကို အပြီးစွန့်လွတ်၍ အကြမ်းဖက်သောနည်းဖြင့် လုံးဝမဖြေရှင်းဘဲ စိတ်ရှည်လက်ရှည်ဖြင့် ပြည်သူတစ်ရပ်လုံး၏ မျက်နှာ၊ နိုင်ငံတော်၏ အကျိုးကိုထောက်၍ တစ်စတစ်စ အေးချမ်းစေကြရမည်ဟူသော စိတ်ထားဖြင့် ဆင်ခြင်တုံတရား အလေးထားကာ ဆောင်ရွက်ကြရန်” ပြည်ထောင်စုနေ့ နှစ်ပတ်လည်အခမ်းအနား သဘာပတိမိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်သည် ပင်လုံစိတ်ဓာတ်ကို အကောင်အထည်ဖော််မှု အားနည်းပြီး တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖ က်ချေမှုန်းရေး နည်းလမ်းများဖြင့်သာ ဖြေရှင်းခဲ့ကြသဖြင့် အမျိုးသားသွေးစည်းညီ ညွတ်ရေးပျက်ပြားခဲ့ရသည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ လွှတ်လပ်ရေးကို တောင်တန်း/ပြည်မ မခွဲခြားဘဲ အတူရယူရန် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် 'ပင်လုံစာချုပ်' ကို ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် 'ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်' ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ်တွင် 'တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်' 'တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်' ဟု ပါရှိသည်။

တိုင်းပြည်အတွက် လက်ရှိအရေးကြီးနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အထွေထွေရွေးကောက်ပွဲ နီးလာသည့် ယခု ၂၀၁၅ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် “သူတို့၏ ကိုယ်ရေးအတွက် အချက်အမျိုးမျိုးဖြင့် မျိုးစုံသုံး၍ ပြုလုပ်လာသည်ကို သတိပြုမိသည်” ဟုလည်း သဘာပတိမိန့်ခွန်းတွင် ဦးတင်ဦးက ထည့်သွင်းပြောဆိုခဲ့သေးသည်။

သို့သော် မည်သည့်ကိစ္စရပ်များတွင် အစိုးရက ကိုယ်ကျိုးသုံးနေသည်ကိုမူ ဦးတင်ဦးက အကျယ်တဝင့်ပြော ဆိုခဲ့ခြင်း မရှိပေ။ သမ္မတ ဦးသိန်းစိန်ကမူ ယခု ၂၀၁၅ခုနှစ်သည် အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာ ကြံုတွေ့ရမည့် ထူးခြားသည့် နှစ်တစ်နှစ်ဟု နှစ်အစမှာကတည်းက ပြောဆိုထားသည်။

Most read this week