ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာရှိ အမှတ်၂ လောပိတ ရေအားလျှပ်စစ်စက်ရုံရှိ စက်သုံးလုံးကို ဂျပန်နိုင်ငံမှ အကူအညီအထောက်အပံ့များဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးစီး သွားပြီ ဖြစ်သောကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က မြန်မာနိုင်ငံ အစိုးရထံ ပြန်လည်လွဲပြောင်းပေးခဲ့သည်။
၎င်းစက်သုံးလုံးကို ၂၀၁၄ ခုနှစ် မိုးရာသီက စတင်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှဲပြောင်းပွဲ အခမ်းအနားတွင် ပြောသည်။
၎င်းက “ယခုဆိုရင် စက် ၃ လုံးပြီးစီးပြီ ဖြစ်ပါတယ်။ ကျန်စက် ၃ လုံးကို ၂၀၁၅ ခုနှစ် မိုးရာသီမှာ ဆက်လက်လုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် စက်၆လုံး ပြီးစီးသွားရင် ဘီလူးချောင်းရဲ့စက် တတ်နိုင်မှုသည် အသစ်နီးပါး ပြန်လည် ကောင်းမွန်လာမည် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လောပိတရေအားလျှပ်စစ်စက်ရုံကို ၁၉၅၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ တည်ဆောက်ပေးခဲ့ပြီး၊ ၁၉၆၀ ခုနှစ်တွင် စက်သုံးလုံးဖြင့် စတင်လည်ပတ်ခဲ့ကာ ၁၉၇၄ ခုနှစ်တွင် စက်သုံးလုံးထပ်မံတပ်ဆင်၍ လျှပ်စစ်ဓာတ်အား မီဂါ၀ပ် ၁၆၈ ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
စက်ရုံသက်တမ်း ၅၅နှစ်အကြာတွင် ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်းကြောင့် နောက်ထပ်နှစ် ၅၀ခန့်အထိ လျှပ်စစ်ဓာတ်အားများ ထုတ်လွတ်ပေးနိုင်ဦးမည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။
ယခုလို စက်ရုံမှစက်ပစ္စည်းများကို ဂျပန်ယန်း yen (ငွေ) သန်းပေါင်း (၆၆၆၉)သန်းကုန်ကျခံပြီး ပြုပြင်မွမ်း မံ ပြင်ဆင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကလည်း တစ်ပြည်နယ်လုံးမီးလင်းရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန နှင့်ပူးပေါင်းကာ ဆောက်ရွက်သွား မည်ဖြစ်ကြောင်းဆိုသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ̏ယခုလို တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသော် လည်း ကျွန်တော်တို့ ကယားပြည်နယ်မှာ နေရာတိုင်းလျှပ်စစ်မီး မရရှိသေးတာကို တွေ့ရပါတယ်˝ဟု ပြောကြား သွားခဲ့သည်။
လက်ရှိကယားပြည်နယ်တွင် ကျေးရွာပေါင်း ၅၁၁ရွာရှိသည့်အနက် ယခုလက်ရှိတွင် ၁၁၂ရွာသာမီးရရှိနေပြီး ၂၀၁၅ -၂၀၁၆ တွင် ၂၂၅ရွာကို မီးရရှိရေး ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကာ ကျန် ၁၄၄ ရွာကို နေရောင်ခြည် စွမ်းအင်သုံး ဆိုလာများဖြင့် မီးလင်းစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ပြောသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍရေးနှစ်ကုန်ပိုင်းတွင် ကယားပြည်နယ်ရှိ မြို့ရွာများ ၉၀ရာခိုင်နှုန်းမီးလင်းရေးမျှော်မှန်း ထားကြောင်း ၎င်းက ဆက်ပြောသည်။