ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဖွဲ့ရန် ညီလာခံကျင်းပမည်

ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဖွဲ့ရန် ညီလာခံကျင်းပမည်
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းနိုင်ရန် ညီလာခံကို ကရင်နီပြည်လူငယ်များသမဂ္ဂ UKSYမှ ဦးဆောင်ပံ့ပိုးမှုဖြင့် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာတွင် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

တောင်သူလယ်သမားများ ကြံုတွေ့နေကြရသည့် မြေယာအငြင်းပွားမှုပြဿနာများ၊ တပ်သိမ်းထားသည့် မြေယာများ ကို တောင်သူလယ်သမားများ သမဂ္ဂတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်သွားနိုင်ရန် အဓိကထားဆွေးနွေးသွား မည်ဟု UKSYမှ ဆရာဒီးဒီက ပြောသည်။

do-farm-roks

“အဓိကတော့ တစ်ပြည်နယ်လုံးမှာရှိတဲ့ တောင်သူတွေရဲ့ ဆုံရပ်တစ်ခုလည်း ဖြစ်လာအောင်၊ တောင်သူဖက် ကလည်း ငါတို့မှာ သမဂ္ဂရှိတယ်ဆိုတဲ့ ခံစားမှုလေးရှိလာရင် သူတို့ အကာကွယ်မဲ့နေတယ် အပေါင်းသင်းရောင်းရင်း မရှိဘူးဆိုတဲ့ အားငယ်တဲ့ စိတ်တွေ ဖြစ်တာတွေ မရှိတော့အောင်ပေါ့ မျှော်မှန်းတာပေါ့ ဒါကြောင့် ညီလာခံလုပ်မယ် သမဂ္ဂဖွဲ့မယ်ဆိုပြီး လုပ်ဖြစ်တာပေါ့ ” ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ညီလာခံတွင် မြေယာသိမ်းဆည်းခံရမှု၊ တရားစွဲဆိုခံရမှုများအပါအဝင် ဓလေ့ထုံးတမ်း မြေယာအသုံး ချမှုပုံစံများ၊ မြေယာဥပဒေများနှင့် တောင်သူများ၏အခွင့်အရေးများကို ကာကွယ်မြင့်တင်နိုင်ရန် ဆွေးနွေး သွားမည်ဟုလည်း သိရသည်။

ညီလာခံကျင်းပနိုင်ရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာပေးပို့ထားပြီ ဖြစ်ကြောင်း သိရသည်။

တောင်သူများအရေး ဆောင်ရွက်နိုင်ရန် သမဂ္ဂတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၊ ညီလာခံများပြုလုပ်ပြီး တောင်သူ လယ်သမား သမဂ္ဂဖွဲ့စည်းခြင်းကို ထောက်ခံကြောင်း ကယားပြည်နယ်တွင်းရှိ မြေယာပြဿနာများအား လာရောက် စစ်တမ်းကောက်ယူခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၊ လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာဌာန တာဝန်ခံ ဆရာထွန်းမြင့်အောင်က ပြောသည်။

“ညီလာခံလုပ်မယ် သမဂ္ဂဖွဲ့မယ် ကြားတယ်။ အရမ်းကောင်းပါတယ်။ နောက်ဆို မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူလယ်သမားရေးရာ သမဂ္ဂတွေ အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရင်ပိုကောင်းတယ် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် ” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ယခုကဲ့သို့ တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနိုင်မည့် သမဂ္ဂအဖွဲ့ရှိလာမည်ဆိုပါ က တောင်သူများ အတွက် ပြဿနာများကို တဖက်တလမ်း ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒီးမော့ဆိုမြို့နယ်တွင်း မှ မြေသိမ်းခံ တောင်သူတစ်ဦးက ပြောသည်။

ညီလာခံ တက်ရောက်ရန်အတွက် ကယား တစ်ပြည်နယ်လုံးရှိ တောင်သူများအပြင် အခြားသော အရပ်ဖက်အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၁၅၀)ခန့် ဖိတ်ကြားထားကြောင်း သိရသည်။

Most read this week