အစိုးရ ၀ှုိက်ကတ် သိမ်းပြီ

အစိုးရ ၀ှုိက်ကတ် သိမ်းပြီ
by -
မဇ္စျိမ

 မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်ကို မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင် ရွက်နေပြီဖြစ်၍ ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် သတ်မှတ်လိုက်ပြီး မေ ၃၁ ရက်နောက်ဆုံးထား၍ ကိုင်ဆောင်သူများအနေဖြင့် ၀ှုိက်ကတ်များကို ပြန်လည်အပ်နှံရန် အစိုးရက ဖေဖော်ဝါရီ ၁၁ရက်တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများရှိနေ သည့် အတွက် ယာယီသက်သေခံ လက်မှတ်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ် များ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက " ဒီကြေညာချက်အရ WC (၀ှုိက်ကတ်)တွေ အကုန်လုံး တရားမဝင်တော့ဘူး။ (ဒီတော့ WC မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ပါတယ်။) WC တွေ ပြန်လည်အပ်နှံချိန် မတ်လ ၃၁ မှ မေလ ၃၁ အထိ အချိန်ပေးထားပါတယ်။ WC ကိုင်ဆောင်သူ အားလုံးဟာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ စိစစ်မှု ပြန်ခံရပါမယ်။ ဥပဒေနဲ့ ညီညွတ်တဲ့သူမှသာ ပန်းရောင်ကဒ် ရမယ်၊ မညီတဲ့သူ မရဘူး။ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် ပြီးပြတ်ပြီး ဖြစ်မယ်။ မလဲဘူး ဆိုတဲ့သူတွေ မေ ၃၁ ကျော်ရင် ဘာကဒ်မှ မရှိတော့ဘူး။ လဲမယ် ဆိုရင် ဒီကာလအတွင်း လဲရမယ်။ (စိစစ်ပြီးမှ ဥပဒေနဲ့ ညီမှ ကဒ်ထုတ်ပေးမယ်။) " ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

သတင်းထုတ်ပြန်ချက်တွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၁ခုနှစ်၊ ပြည်ထောင် စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၄) ပါ ပြဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းတို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြ ရမည်ဟု ဖော်ပြထားသည်။

၀ိှုက်ကတ်ကိုင်ဆောင်သူများတွင် ၀၊ ပအိုဝ့် စသော တို်င်းရင်းသားများလည်း ပါ၀င်နေပြီး ကိုင်ဆောင်သူ တစ်သန်းကျော်ရှိကြောင်း၊ ရခိုင်တွင် ၀ှုိက်ကတ်ကိုင်ဆောင်သူ ခြောက်သိန်းကျော်ရှိနေပြီး ၀ိှုက်ကတ်ကိုင်ဆောင် သူများကို မဲပေးခွင့်ပျက်ပြယ်အောင်ပြုလုပ်မည်ဆိုပါက ၀ှုိက်ကတ်ကိုင်ဆောင်သူ တို်င်းရင်းသားများ အရေအတွက် ခြွင်းချက်ဖြင့် မဲပေးနို်င်ရေးထည့်သွင်းစဉ်းစားရန်၊ မျိုးစောင့်ဥပဒေအတည်ဖြစ်ရေးစသည့် အချက်များကို ဖေဖော်ဝါရီ ၁၁ရက်က အင်းစိန်ရွာမပရိယတ္တိကျောင်းတွင် ကျင်းပသော အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အရေးပေါ်အထူးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မဘသအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးတိလောကာဘိ၀ံသက "နိုင်ငံသားလည်းမဟုတ်၊ နိုင်ငံသားလည်းဖြစ်ခွင့်မရတဲ့ ပုဂ္ဂိုလ်ကိုမဲပေးခွင့်ပေးတယ်ဆိုကတည်းက နိုင်င့ံသစ္စာဖောက်နေတာပဲ။ ဘယ်နိုင်ငံမှာမှ မရှိဘူး" ဟု ဆိုသည်။

"၀ိှုက်ကတ်ကိစ္စမဖြေရင်းနိူ်င်ရင် ၂၀၁၅အတွက် အထွေထွေ ပြဿနာတွေဖြစ်နိုင်တယ်။ ဦးဇင်းအမြင်ပြောရရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မျိုးစောင့်ဥပဒေကပိုအရေးကြီးတယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။