ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းအနားတို့ကို ပင်လုံကျောက်တိုင်တွင် အင်န်အယ်လ်ဒီက ဦးဆောင်ကျင်းပမည်

ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းအနားတို့ကို ပင်လုံကျောက်တိုင်တွင် အင်န်အယ်လ်ဒီက ဦးဆောင်ကျင်းပမည်
by -
မဇ္စျိမ

 ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ဦးဆောင်ပြီး ရှမ်းပြည်နယ် ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်တွင် ကျင်းပသွားမည် ဖြစ်သည်။

ဗဟိုလူငယ်တာဝန်ခံ ဒေါက်တာ စိုးမိုးသူက ''ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ကျောင်းသား သပိတ်ပဲဖြစ်ဖြစ် လိုအပ်နေတာက တွေ့ဆုံညှိနှိုင်းရေးပဲ။ အဲ့ဒီတွေ့ဆုံညှိနှိုင်းရေးဆိုတဲ့ ရည်ရွယ်ချက်လေးကို ပေါ်လွင်အောင်လို့ ကျွန်တော်တို့နိုင်ငံမှာ တစ်ကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံကျောက်တိုင်ရှိရာ ပင်လုံမှာလုပ်ဖို့ စီစဉ်ဖြစ်တာပါ''ဟု ပြောသည်။

General-Aung-San-100-Year-Birthday-Yangon-04-s

'' ကျောက်တိုင် အလေးပြုတာပါမယ်။ ကြေညာချက် ဖတ်တာတွေပါမယ်။ ၁၃ ရက် နံနက်ပိုင်းကိုကတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေပါမယ်။ သံဃာတော်တွေ ဆွမ်းကပ်တာပါမယ်'' ဟုလည်း ၎င်းကဆိုသည် ။

ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း တိုင်းရင်းသားပါတီများမှ လူငယ်များဆွေးနွေးပွဲ တစ်ရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ကပင် ဦးဆောင်ပြီး ပင်လုံမြို့တွင်ပင် ကျင်းပမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း'' အခုအချိန်မှာ ကျွန်မတို့ရဲ့ တိုင်းသူပြည်သားတွေ၊ အထူးသဖြင့် လူငယ်လူရွယ်များဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တိုင်းပြည်မျိုး တည်ဆောက်ဖို့ အောင်ဆန်းစိတ်ဓာတ်၊ ဗိုလ်ချုပ်လမ်းစဉ်နဲ့ ကြိုးစားသွားကြဖို့ အထူးလိုအပ်ကြောင်း ဖေဖေ့မွေးနေ့ ရာပြည့်နှစ်မှာ အမှာပါးချင်ပါတယ်'''ဟု ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေး နေ့ကျင်းပမည့် အခမ်းအနားများသို့ သဝဏ်လွှာ ပေးပို့ထားသည်။

ဖဆပလခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေးကို တောင်တန်း/ပြည်မ မခွဲခြားဘဲ အတူရယူရန် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် 'ပင်လုံစာချုပ်'ကို ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် 'ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်'ကို စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ပင်လုံစာချုပ်တွင် ''တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည် ''တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များ တွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်'' ဟု ပါရှိသည်။

Most read this week