၆၈ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့တွင် သျှမ်းလူငယ်များကွန်ယက်က သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း ရှိလူငယ်များအား ဦးဆောင်ကာ သျှမ်းပြည်နယ် အလယ်ပိုင်း မိုင်းကိုင်မြို့ရှိ ပြည်နယ်၏ တတိယအမြင့်ဆုံးတောင်သို့ တက်ရောက်လေ့လာခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ထိခိုက်စေ မည့် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်းကိုပါ သွားရောက် လေ့လာခဲ့ကြကြောင်း တောင်တက် အဖွဲ့ခေါင်းဆောင်များက ပြောဆိုသည်။
သျှမ်းလူငယ်ကွန်ယက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်းကလည်း “သျှမ်းပြည်ကြီးကို ချစ်တယ် ချစ်တယ် ပြောရုံနဲ့မပြီးပါဘူး။ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့လိုတယ်ဆိုတဲ့ အသိရှိဖို့လိုပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးရင် သျှမ်းပြည်ကြီးလည်း ပျက်စီးပျောက်ကွယ်မှာ မလွဲပါဘူး။ ဒါကြောင့် လူငယ်ထုကို သဘာဝပတ်ဝန်းကျင် ချစ်တတ်လာအောင် ထိန်းသိမ်းလိုစိတ်ရှိလာအောင် ရည်ရွယ်ပြီးတော့ လွယ်စန့်တောင်ရဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာဖို့အတွက် တောင်တက်ရတာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။
ဖေဖော်ဝါရီလ ရရက်နေ့တွင် မိုင်းကိုင်မြို့ရှိ လွယ်စန့်တောင်သို့ တောင်တက်ကြသည့် လူငယ်အင်အား တစ်ထောင်ကျော်ရှိပြီး သဘာဝဘေးအန္တရာယ်ထိခို်က်စေမည့် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ရပ်တန့်ရန် ကန့်ကွက်ခဲ့ကြောင်းလည်း တောင်တက်အဖွဲ့ခေါင်းဆောင် စိုင်းဝမ်းလျဲန်းကပြောသည်။
“ ကျနော်တို့လူငယ်တွေလည်း ဒေသခံပြည်သူတွေလိုဘဲ ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းကို ကန့်ကွက်တယ်။ ကုမ္မဏီတွေဝင်လာပြီးတော့ သဘာဝ သယံဇာတတွေ တူးသွားမယ်ဆိုရင် ကျနော်တို့ လူငယ်တွေ ဒေသခံ ပြည်သူလူထုဘက်က ရပ်တည်တယ်။ သဘာဝ အလှကိုထိန်းသိမ်းစေချင်တယ်လေ” ဟု ဆိုပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလလယ်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ နှစ်ပတ် လည် အစည်းအဝေးမှလည်း ကြေငြာချက်တစောင်ထုတ်ပြန်ရာ ကြေငြာချက်နံပတ် ၆တွင် သျှမ်းပြည်၏ အလှအပ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်သွားမည်ဟု ပါရှိထားကြောင်း အဆိုပါ ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ထားသည့် ပြည်သူလူထုခေါင်းဆောင် စိုင်းလုံက ထောက်ပြသည်။