မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇန်နဝါရီ ၉ရက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြသော ထားဝယ်ကျောင်းသားများ သမဂ္ဂနှင့် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ အဖွဲ့တို့သည် မော်လမြိုင် တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လှည့်လည်ရန် လုံခြုံရေးတာဝန်ရှိသူများနှင့် တက္ကသိုလ်ပါမောက္ခချုပ်တို့က ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုဖုန်းမြတ်မိုးကပြောသည်။
“တက္ကသိုလ်ဆိုတာ အသိပညာဗဟုသုတတွေကို အမြဲလေ့လာနိုင်အောင် ဖွင့်လှစ်ပေးတဲ့နေရာတစ်ခု၊ ဒါပေမယ့် ကျနော်တို့ကို တံခါးကြီးပိတ်ပြီး အကျဉ်းထောင်လိုမျိုးကြိုဆိုတယ်” ဟု ဖုန်းမြတ်မိုးက ပြောသည်။
မော်လမြိုင် သာသနာ့ဗိမာန်မှအစပြု၍ သပိတ်မှောက်ကျောင်းသားအင်အား ၆၀ ခန့်သည် သပိတ်မှောက် လမ်းကြောင်းအတိုင်း အခက်အခဲမရှိသော်လည်း မော်လမြိုင်တက္ကသိုလ်အရောက်တွင်မူ တက္ကသိုလ်ကျောင်းသားများ ဝင်ခွင့်မရှိဘဲ ယူနီဖောင်းဝတ်ဆင်ထားသူများသာ နေရာယူထား သည်ကို တွေ့ရသည်ဟု ၄င်းကဆက်ပြောသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက သပိတ်မှောက်ဆန္ဒပြသောနေရာတွင် ပါဝင်လျှင် ကျောင်းထုတ်ခံရမည်ဟု ဖိအားပေးခြင်းများရှိသည်ကို ပြောသည်။
“ဒီနေ့ဆို ကျောင်းဝင်းထဲကိုဝင်ဖို့ အရင်ကထက်စစ်ဆေးမှုတွေ ပိုလုပ်တယ် ကျောင်းသားကတ်ပါမှ ဝင်ခွင့်ရတယ်၊ ထွက်ချင်ရင်လည်း အနောက်ပေါက်ကနေ ခိုးထွက်ရတယ်” ဟ ုပြောသည်။
မော်လမြိုင်တက္ကသိုလ်ဝင်းသို့ ဝင်ခွင့်ရရန် သပိတ်မှောက်ကျောင်းသားတစ်ဦးက ဘူမိဗေဒဌာန ဒေါက်တာဇော်ဝင်းထံ ခွင့်ပြုချက်တောင်းခဲ့သော်လည်း ၄င်းအနေဖြင့် တာဝန်အရ တားမြစ်ခြင်းဖြစ်ပြီး ကျောင်းဝင်းထဲတွင် ငြိမ်းချမ်းစွာ စာသင်နေသောကျောင်းသားများနှင့် တစ်နိုင်ငံလုံးအတွက် တက္ကသိုလ်ဝင်တန်းအောင် မေးခွန်းထုတ်နေသည့် စခန်းများအား အနှောက်အယှက် မပေးစေလိုသည့်အတွက် တားမြစ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
သပိတ်မှောက်ကျောင်းသားများသည် အစိုးရ၊ လွှတ်တော်၊ NNER (National Network Education Reform) နှင့် ကျောင်းသားများသမဂ္ဂ ပါဝင်သောတွေ့ဆုံဆွေးနွေးပွဲနှင့် ကျောင်းသားများတောင်းဆိုသော အချက် ၁၁ ချက်တို့ကို လက်ခံပေးရန်အတွက် ဆန္ဒပြခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ထောင်စုအစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအား အမျိုးသား ပညာရေးဥပဒေပါ ပြဌာန်းချက်များအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် သဝဏ်လွှာပေးပို့ခဲ့သည်။
သပိတ်မှောက်နေစဉ်အတွင်း ကျောင်းသားများတောင်းဆိုသော ၁၁ချက်ကို အခြေခံပြီး လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဖေဖေါ်ဝါရီ ၉ ရက်တွင် အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်များနှင့် ကျောင်းသားများပါဝင်သော ဒုတိယအကြိမ် အကြိုဆွေးနွေးပွဲ ပြုလုပ် ခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုသမ္မတ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဖေဖေါ်ဝါရီ ၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ကျောင်းသားများ တောင်းဆိုသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်မည်ဟု ဒုတိယအကြိမ်အကြိုဆွေးနွေးပွဲမှ သဘောတူညီချက် အရသိရသည်။