အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ) ပညာရေးကွန်ရက်မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ ရှိ မြန်မာအစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုကြမည့် မြန်မာရွှေ့ပြောင်းကျောင်းသူ/သားများအား တတိယအကြိမ်မြောက် အလှူငွေထောက်ပံ့မှု အခမ်းအနားတစ်ရပ်ကို ဖေဖေါ်ဝါရီလ မွန်းလွဲ ၁နာရီကျော်တွင် မဲဆောက်မြို့ ဆာသူလေးကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
ယခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်း ကျောင်းသူ/သား (၁၆၅)ဦးအား အဲန်အယ်လ်ဒီ ပညာရေးကွန်ရက်ကိုယ်စား မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘိုမှ ကျပ်ငွေ (၁၅)သိန်းအပြင် ဗလာစာအုပ် ၅၀ ဒါဇင်၊ တက္ကသိုလ်ဝင်တန်းစာအုပ် ၃၇စုံ၊ ဦးနေအုပ် အင်္ဂလိပ်စာ ၄၀ အုပ်နှင့် BIO တွဲ စာအုပ် ၁၃၃ အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘိုက “အဲန်အယ်လ်ဒီ ပညာရေးကွန်ရက် တာဝန်ပေးချက်အရ ကျနော်တို့ ထောက်ပံ့ကြေးလာပေးခြင်းဖြစ်တယ်။ မြန်မာ့ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားဖို့ ကြံုရတဲ့ အခက်အခဲတွေဟာ အများကြီးပါပဲ။ ဒါပေမယ့် ဒါတွေဟာ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဒါတွေ နောက်က လိုက်လာမယ်ဆိုရင် အထိုက်အလျောက် ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မြဝတီခရိုင် အဲန်အယ်လ်ဒီအဖွဲ့အနေဖြင့် မြဝတီမြို့ အထက်တန်းကျောင်းတွင် မကြာခင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သွားရောက်ဖြေဆိုကြမည့် ရွှေ့ပြောင်းကျောင်းသူ/သားများ၏ အသွားအပြန် ခရီးအကြိုအပို့အားလုံးနှင့် အခြားလိုအပ်သော အကူအညီများကို ဆက်လက်ကူညီသွားမည်ဟု ဦးစိန်ဘိုက ဆက်ပြောသည်။
ယနေ့ အလှူငွေထောက်ပ့ံမှု အခမ်းအနားသို့ မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘို ဦးဆောင်သည့် အဖွဲ့၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC) ဥက္ကဋ္ဌ နော်ဖောရေနှင့် ကော်မတီ ၀င်များ၊ ထိုင်းပညာရေးဋ္ဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ရွှေ့ပြောင်းကျောင်းများမှ ဆရာ/မနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း ၄၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
ထောက်ပံ့မှုအပေါ် BMWEC ဥက္ကဋ္ဌ နော်ဖောရေက “ဒီလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာ လာကူညီတာ အရမ်း ၀မ်းသာတယ်။ အဲန်အယ်လ်ဒီ ပညာရေးအဖွဲ့လိုမျိုးပဲ ပေါ့နော်။ ကျမတို့ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကလေးတွေအတွက် တခြားအဖွဲ့အစည်းတွေလည်း ဒီလိုနည်းတူ အားပေးအားမြှောက်မှုနဲ့ ဆက်လက်ပ့ံပိုးပေးဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအခြေစိုက် BMWEC လက်အောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်း များ ဖြစ်ကြသော ဆာသူးလေ၊ ထီးမယ်ဝါးခီး၊ New Blood နှင့် SAW ကျောင်းတို့မှ ကျောင်းသူကျောင်းသား ၄၀ ကျော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြဝတီမြို့ အထက်တန်းကျောင်းတွင် ၂၀၁၂-၁၃ ပညာသင်နှစ်ကတည်းက စတင်သွားရောက်ဖြေဆိုခဲ့ကြပြီးဖြစ်သည်။
အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုပြီး အောင်မြင်သွားသည့် ကျောင်းသူကျောင်းသားအများစုသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဖားအံနှင့် ပဲခူး စသည့်မြို့များရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းတို့တွင် ဆက်လက် ပညာသင်ယူနေကြသည်ဟု တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် မြန်မာ့ရွှေ့ပြောင်းကျောင်းသူ/သားအရေး ဆောင်ရွက်နေသူများက ပြောသည်။