လေးပွင့်ဆိုင်တွေ့ဆုံပွဲ လိုချင်သည့်ရလာဒ် မရပါက ပင်မစစ်ကြောင်းမှလွဲ၍ ကျန်သပိတ်အားလုံးပေါင်းကာ တစ်ပတ်အတွင်း ရန်ကုန်ချီတက်မည်

လေးပွင့်ဆိုင်တွေ့ဆုံပွဲ လိုချင်သည့်ရလာဒ် မရပါက ပင်မစစ်ကြောင်းမှလွဲ၍ ကျန်သပိတ်အားလုံးပေါင်းကာ တစ်ပတ်အတွင်း ရန်ကုန်ချီတက်မည်
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲ ရလာဒ်သည် ကျောင်းသားများ လိုလားသည့် အဖြေမရပါက ဧရာဝတီ၊ ပခုက္ကူ-မြေလတ်- မုံရွာ သပိတ်စစ်ကြောင်း၊ ထားဝယ်-မော်လမြိုင် စစ်ကြောင်းတို့က ဒီမိုကရေစီ ပညာရေး စစ်ကြောင်းအဖြစ် ပူးပေါင်းကာ ရက်သတ္တပတ်အတွင်း ရန်ကုန်သို့ ချီတက်သွားမည် ဟု ဖေဖော်ဝါရီ ၁၀ရက်တွင် ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

၎င်း၏ လိုလားချက်များ ရရှိနိုင်ရေးအတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်သည်ဟု ဧရာဝတီ သပိတ်စစ်ကြောင်းတွင်ပါဝင်သည့် ပုသိမ် နည်းပညာတက္ကသိုလ်မှ ဆရာ ဦးဝေယံအောင်က ပြောသည်။

Mandalay-Student-Strike-and-Pyi-Technological-Universtty-01

ထားဝယ်သပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦးက “လိုချင်တဲ့ ရလာဒ်ကို ဆွေးနွေးပွဲမှာ ရဖို့တော့ မျှော်လင့်တာပေါ့။ ဒါပေမယ့် အယုံအကြည်တော့ မရှိတော့ပါဘူး။ တကယ်လို့ ဆွေးနွေးပွဲက လိုချင်တဲ့အဖြေကို ရခဲ့သည်ဖြစ်စေ မရခဲ့သည်ဖြစ်စေ ဦးဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆက်သွားမှာပါ” ဟုပြောသည်။

လက်ရှိတွင် ဧရာဝတီသပိတ်စစ်ကြောင်းသည် မအူပင်မြို့နယ်အတွင်း ရပ်နားနေပြီး ထားဝယ်-မော်လမြိုင် စစ်ကြောင်း နှစ်ခုပေါင်းသည် မော်လမြိုင်မြို့အတွင်း ရောက်ရှိနေကာ၊ ပခုက္ကူ-မြေလတ်-မုံရွာ စစ်ကြောင်းသည် ပဲခူးတိုင်း ပြည်မြို့သို့ ဖေဖော်ဝါရီ ၁၀ရက် ညနေက ရောက်ရှိပြီး ထိုည၌ပင် သထုံသို့ ဆက်လက် ချီတက်မည်ဖြစ်သည်။ သထုံတွင် ထားဝယ်- မော်လမြိုင် သပိတ်စစ်ကြောင်း နှင့် ပေါင်းစည်း မည်ဟု မြေလတ်သပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးက မဇ္စျိမကို ပြောသည်။ အဆိုပါ စစ်ကြောင်းများအားလုံးကို မည့်သည့်နေ့၌ မည်သည့်နေရာတွင် ပေါင်းစည်းမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

"အချိန်အတိုင်းအတာအရ အဆင်မပြေတဲ့အတွက် ကျွန်တော်တို့က ဒီဟာပြီးတာနဲ့ ချက်ချင်းပြန်ထွက်တော့ မှာ" မြေလတ် ဗ.က.သ၊ တ.က.က ကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးက မဇ္စျိမကို ပြောသည်။

ယင်းအပြင် ဧရာဝတီသပိတ်စစ်ကြောင်းသည် နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့ကို ၎င်းတို့၏ သပိတ်စစ်ကြောင်းသတင်းရယူခွင့်ကို ပိတ်ပင်ကြောင်း ဖေဖော်ဝါရီ ၁၀ရက်က မအူပင်မြို့ ပန်းဝတီ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေငြာခဲ့သည်။ ဖေဖော်ဝါရီ ၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဧရာဝတီသပိတ်စစ်ကြောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မချောစုစံ မိဘနှင့် ပြန်လည်လိုက်ပါသည့် သတင်းတွင် အချက်အလက်အချို့ လွဲမှားသည်ဟုဆိုကာ ယင်းသို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

"ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မိခင် လာရောက်ခေါ်ယူတယ်လို့ ရေးသားထားတယ်။ တကယ့်တကယ် ဖြစ်စဉ်က မိဘတွေက စာမေးပွဲဖြေဆိုဖို့ အကူအညီတောင်းတယ်။ ဦးဆောင်ကော်မတီက မချောစုစံကို ဖျောင်းဖျပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ၎င်းတို့ ရှေ့မှောက်မှာ မိဘတွေဆီ အပ်နှံခဲ့တယ်။ သပိတ်စစ်ကြောင်းမှ ကားငှားပြီး ဦးဆောင်ကော်မတီကနေ ပုသိမ်အထိ လိုက်ပို့ခဲ့တယ်။ အဲဒါတွေကျတော့ မရေးဘဲ ချန်လှပ်ထားတယ်"ဟု ဧရာဝတီသပိတ်စစ်ကြောင်းမှ ဆရာ ဦးဝေယံအောင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၀ရက်က မအူပင်မြို့နယ်၊ အိုဝိုင်းကျေးရွာအနီးရှိ ကျောင်းသားများ နားခိုသည့် မေတ္တာရှင် မိဘမဲ့ အမျိုးသမီး ဂေဟာရွှေညဝါ ဆရာတော်ကြီး ကြွရောက် အားပေးခဲ့သည်။ ဆရာတော်ကြီးနှင့်အတူ ဧရာဝတီတိုင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်တို့လည်း လိုက်ပါလာပြီး ဝန်ကြီး ဦးဝင်းကိုကိုက ကျောင်းသားများကို အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။