လုပ်ခလစာ တိုးမြှင့်ပေးရန် ရွှေပြည်သာရှိ အထည်ချုပ် စက်ရုံ လေးရုံမှ လုပ်သား ၂၀၀၀ ကျော် ဆန္ဒပြ

လုပ်ခလစာ တိုးမြှင့်ပေးရန် ရွှေပြည်သာရှိ အထည်ချုပ် စက်ရုံ လေးရုံမှ လုပ်သား ၂၀၀၀ ကျော် ဆန္ဒပြ
by -
မဇ္စျိမ

"ညှိနှိုင်း၍ မပြေလည်ပါက ထိုင်သပိတ်ဖြင့် အရှိန်မြှင့်မည်။"

ရန်ကုန် (မဇ္စျိမ)။ ။ လုပ်ခ၊ လစာ နည်းပါးသောကြောင့် တိုးမြှင့်ပေးရန် အတွက် ရွှေပြည်သာမြို့နယ် အတွင်းရှိ အထည်ချုပ် စက်ရုံ လေးရုံမှ လုပ်သား ၂၀၀၀ကျော်က ဖေဖော်ဝါရီ ၉ ရက်တွင် စုပေါင်းဆန္ဒပြကြပြီး တောင်းဆိုမှုများ မရပါက သပိတ် အရှိန်မြှင့်ကာ ထိုင်သပိတ် ဆက်လက် ပြုလုပ်မည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

အလုပ်သမားအရေးဆောင်ရွက်သူ ကိုသူဇော်ကြည်ဝင်းက "ဆန္ဒပြတာက ဒီတစ်ရက်ထဲပြမှာ မနက်ဖြန် (ဖေဖော်ဝါရီ ၁၀) ကို အလုပ်သမားညွှန်ချုပ်နဲ့ ညှိနှိုင်းဖို့ ရှိတယ် တကယ်လို့ အလုပ်သမား ဝန်ကြီးဌာနကနေ သုံးရက်အတွင်း ကျွန်တော်တို့လို့ချင်တဲ့ အချက်တွေမရရင် ဆန္ဒပြတဲ့ အရှိန်ကို မြှင့်မယ်" ဟု ပြောသည်။

Worker-2

ဆန္ဒပြ အလုပ်သမားများအနေဖြင့် အစိုးရနှင့် ညှိနှိုင်းရေး မပြေလည်ပါက ထိုင်သပိတ် ဆင်နွဲသွားမည်ဖြစ်သည်။

ဆန္ဒပြ တောင်းဆိုရာတွင် အာဆီယံ ဒေသအတွင်း နိုင်ငံများနှင့် ညီမျှသော လစာပေးရေး၊ အနိမ့်ဆုံးလုပ်ခလစာ ရရှိရေး၊ လွတ်လပ်စွာ အလုပ်သမားသမဂ္ဂများဖွဲ့စည်းနိုင်ရေးအပါအဝင် အချက် ၁၁ ချက်ဖြင့် ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလုပ်သမားခေါင်းဆောင် မစိမ်းမုုိးလွင်က "ညှိနှိုင်းမှု အဆင်မပြေရင် သပိတ်အကုန်ပေါင်းပြီး ထိုင်သပိတ်လုပ်မယ်" ဟု ဆိုသည်။

ဆန္ဒပြရာတွင် ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံမှ -ပုလဲလမ်း -စက်မှုဇုန်ဝင်းအတွင်းရှိ Eland Myanmar နှင့် Costec intetnational အထည်ချုပ်စက်ရုံ ရှေ့သို့  လှည့်ပတ်၍   အမှတ် (၄)လမ်းမပေါ် တစ်လျှောက်တွင် ဆန္ဒပြ ချီတက်ခဲ့သည်။

ဆန္ဒပြရာတွင် ပါ၀င်သော စက်ရုံများတွင် အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံး အခြေခံလုပ်အားခလစာနှင့် အခြားခံစားခွင့်များ အပါအဝင် ကျပ်တစ်သိန်းကျော်ရရှိပြီး သုံးသောင်းထပ်မံတိုးမြှင့်ပေးရန်နှင့် အချို့စက်ရုံများတွင် အခြေခံလစာအပါအဝင် ခြောက်သောင်း ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲတွင်  ရွှေပြည်သာမြို့နယ်အတွင်းရှိ  Eland Myanmar အထည်ချုပ်စက်ရုံမှာ လူအင်အားတစ်ထောင် ဝန်းကျင်နှင့် အခြားစက်ရုံ သုံးရုံမှ အလုပ်သမားအင်းအား တစ်ထောင်ငါးရာခန့် ပူးပေါင်းပါ၀င်ခဲ့သည်။

ဆန္ဒပြရာတွင် ပါ၀င်သည့် စက်ရုံများမှာ Eland Myanmar အထည်ချုပ်စက်ရုံ၊ Han jen garment အထည်ချုပ်စက်ရုံ၊ ford glory garment စက်ရုံ နှင့် costec intetnational စက်ရုံလေးရုံပါ၀င်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်၍  အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်လင်းက "ကျွန်တော့် အမြင်ရဆိုရင် အနိမ့်ဆုံး လုပ်ခလစာနဲ့ဆိုင်တယ် အခုတော့ အမျိုးသားစီမံကိန်းတစ်ခုက သက်တမ်းကုန်ဆုံးတော့မယ်။ အခုအချိန်ထိ အနိမ့်ဆုံး လုပ်ခလစာကို မသတ်မှတ်နိုင်သေးဘူး အဲဒါကြောင့် အလုပ်သမားတွေ ပြဿနာတက်နေရတယ်"ဟု မဇ္ဈိမကို  ပြောသည်။

အဆိုပါ စက်ရုံများသည်  လုပ်ခလစာတိုးမြှင့်ပေးရန်အတွက် ၂၀၁၄နှစ်ကုန်ပိုင်းမှ ၂၀၁၅နှစ်စပိုင်းအထိ ညှိနှိုင်းနေခြင်းဖြစ်ပြီး  လက်ရှိအချိန်ထိ ပြေလည်မှုမရသေးဘဲ ပူးပေါင်းဆန္ဒပြကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အနည်းဆုံး လုပ်ခ၊ လစာနှင့် ပတ်သက်၍ သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ အလုပ်သမား၊အလုပ်ရှင်နှင့် အလုပ်သမား၊အလုပ်အကို်င်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ပါ၀င်သည့် အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီက အနည်းဆုံးအခကြေးသတ်မှတ်နိုင်ရေးအတွက်  အချိန်ကာလ နှစ်လကြာ သုတေသနပြုလုပ်နေရာ ဖေဖော်ဝါရီလကုန်တွင် အဆိုပါ သုတေသနစစ်တမ်း အပြီးသတ်မည်ဖြစ်သည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက် အလုပ်သမားသမဂ္ဂသုံးခု၏ ဆွေးနွေးချက်များအရ တစ်နေ့လုပ်ခ ကျပ် ၅၀၀၀၊ လုပ်သက်ကြေး၊ ထပ်ဆောင်းငွေနှင့် နှစ်တိုးကြေးတို့ ပါ၀င်သတ်မှတ်ပေးရန်နှင့် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်မည့် အနိမ့်ဆုံးဝန်ထမ်း၏ လစာထက် မနည်း သတ်မှတ်ပေးရန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)က အဆိုပြုခဲ့သည်။

အဆိုပါ အနိမ့်ဆုံးလုပ်ခလစာကို စစ်တမ်းကောက်ယူရရှိမှုပေါ်မူတည်၍   တိုင်းနှင့်ပြည်နယ် အလိုက် လုပ်ငန်းကဏ္ဍအလိုက် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ကာ အများပြည်သူသိရှိအောင် ကြေညာပေးကာ ထိုသို့ သတ်မှတ်ချက်ကို ကျေနပ်မှုမရှိ၍ ကန့်ကွက်လိုသူများသည် ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်နိုင်မည် ဖြစ်သည်။

Most read this week