ကချင်ဆရာမ နှစ်ဦးသတ်ခံရမှု ကေဘီစီက သိက္ခာတော်ရပါဝင်သည့် စုံစမ်းရေး ကော်မတီဖွဲ့စည်း

ကချင်ဆရာမ နှစ်ဦးသတ်ခံရမှု ကေဘီစီက သိက္ခာတော်ရပါဝင်သည့် စုံစမ်းရေး ကော်မတီဖွဲ့စည်း
by -
မဇ္စျိမ

သံသယရှိသူများအနက် နှစ်ဦးမှာ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် တိမ်းရှောင်နေဟု ပြည်ထဲရေးဝန်ကြီးပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အဓမ္မကျင့်ကာ သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး၏ အမှုကိစ္စအတွက် ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဒေသခံ ရှေ့နေများ၊ သိက္ခာတော်ရ ဆရာတော်များ ပါဝင်သည့် စုံစမ်းရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 “အစိုးရက စစ်ဆေးရေးတော့လုပ်နေပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သတင်းတွေ ထွက်လာတာက စွတ်စွဲတဲ့လူတွေကို ဘာလုပ်မယ်။ ညာလုပ်မယ်။ ရွာက လူတွေ စိုးရိမ်တာက သူတို့ကို အတင်းဓမ္မဝန်ခံခိုင်းပြီးမှ မဟုတ်ဘဲနဲ့ ဟုတ်တယ် ဖြစ်သွားမှာကို သူတို့ တော်တော်လေး စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကေဘီစီက စုံစမ်းရေးကော်မတီဖွဲ့တယ်။  ပြီးရင် သမ္မတဆီကို စာပို့ပြီးပြီ”ဟု KBC၏ အတွင်းရေးမှူး သိက္ခတော်ရ ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ်က မဇ္စျိမကို ပြောသည်။

Kachin-Rape

အမှုအတွက် မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ရန် တဖက်တလမ်းမှ ကူညီထောက်ပံ့သည့်သဘောဖြင့် KBCမှ ထိပ်သီး ခေါင်းဆောင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ရှေ့နေ များအပါအဝင် ၁၅ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်ဟု ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုစုံစမ်းစစ်ဆေးရေးကော်မတီသည် အမှန်တကယ် ပြစ်မှုကျူးလွန်သော သူများကိုသာ ပြစ်မှု သက်ရောက်စေပြီး ပြစ်မှုမကျူးလွန်သော ဒေသခံများ၏ မသိနားမလည်မှုပေါ်တွင် တစုံတရာဖိအားပေးခြင်းသော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ပြစ်ဒဏ်ပေးခြင်းမျိုး မဖြစ်စေလိုသည်သာမက ၎င်းကျေးရွာသားများတွင် နေထိုင်သူများ၏ ဘဝလုံခြံုမှုရရှိစေရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးကော်မတီဝင်များမှာ KBCမှ ဥက္ကဌ သိက္ခာတော်ရဆရာ ဦးဂျုံးခေါင်း၊ အတွင်းရေးမှူး သိက္ခတော်ရ ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ်၊ ဒုတိယ အတွင်းရေးမှူး သိက္ခတော်ရ ဆရာဒေါက်တာအောင်နန်၊ ငြိမ်းဖောင်ဒေးရှင်းမှ ဆရာဦးဇော်ဆမ်၊ ရှေ့နေ ဦးမာခါး၊ ဆရာဦးဂျော်ဂွန်း၊ သိက္ခာတော်ရ ဆရာဦးလမာယော်၊ သိက္ခာတော်ရဆရာ ဦးခေါဘောမ်၊ ဆရာမ ဒေါ်ဇခုန်ဂျာအိန်၊ ရှေ့နေ ဆရာဦးခွန်နောင်၊ ဆရာမ အက်စတာ၊ သိက္ခာတော်ရ ဆရာ ဦးဂွမ်တန်၊ ရှေ့နေ ဒေါ်ဆဂဂျာအောန်လုနှင့် ဒေါ်လထော်ထုနန်တို့ ပါဝင်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ ကောင်းခါးကျေးရွာတွင် အစိုးရ၏ စုံစမ်းစစ်ဆေးမှုအဖွဲ့ကလည်း စစ်ဆေးမှုများ ပြုလုပ်နေသည်။  ၎င်းတို့ စစ်ဆေးမေးမြန်းမှုတွင် ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး ဒေသခံများ စိုးရိမ်မှုများ ရှိနေသည်ဟု ကောင်းခါးကျေးရွာ ဒေသခံ တစ်ဦးက မဇ္စျိမကို ပြောသည်။

“သူတို့ မတက်လာတာလည်း ၃ရက်ရှိပြီ။ နောက်တပတ် ကေဘီစီက လူကြီးတွေ ဆင်းလာမှ ပြန်စစ်ဆေးမေးမြန်းမယ်လို့ ပြောတယ်။ မစီမဆိုင် အဲဒီအမျိုးသမီးနှစ်ယောက် သတ်ခံရမှုနဲ့ မေးမြန်းသလိုလည်း မဟုတ်ဘူး။ တယောက်နဲ့တယောက်မေးတာ အမျိုးမျိုးမေးတယ်”ဟု ဒေသခံက ပြောသည်။

ကောင်းခါးကျေးရွာသားများကို အတင်းအဓမ္မ ဝန်ခံခိုင်းမည်ကို စိုးရိမ်နေကြသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“သူတို့ (အစိုးရစုံစမ်းရေးအဖွဲ့) ရွာကိုလာပြီး စစ်ဆေးတယ်ဆိုရင် သူတို့ မတင်ကာတော့ဘူးဆိုရင် ရဲစခန်းကို ခေါ်သွားပြီး ပြန်စစ်ဆေးတာတွေ လုပ်တယ်။ ရွာသားတချို့ကိုတော့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ဝန်ခံလိုက်ပါ။ သူငယ်ချင်းတောင် ဝန်ခံလိုက်ပြီ နင်လည်း လိမ်နေလို့ မရဘူး။ ပိုက်ဆံ ဘယ်လောက်ပေးမယ်။ ဘာညာဆိုပြီး ပြောဆိုတာတွေ ရှိတယ်။ ကျနော်တို့ ရွာသားတွေလည်း အရမ်းစိုးရိမ်နေတယ်”ဟု သူက ပြောသည်။

ဖေဖော်ဝါရီ ၈ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပါဝင်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနှင့် အင်အာဗျူးတွင် အစိုးရ၏ စစ်ဆေးမှု၌ သံသယရှိသူ နှစ်ဦးမှာ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ယူဆရကြောင်းနှင့် ယင်းတို့နှစ်ဦးကို စစ်ဆေးနိုင်ရန် KBCက ခေါ်ယူစေ လွှတ်ပေးရန် ညှိနှိုင်းထားသည်ဟု ဆိုသည်။

"သက်သေစစ်မေးချက်တွေကနေ ပေါ်ပေါက်ချက်တွေ၊ ဓာတုဗေဒဝန်ရုံး၊ ကျန်းမာရေးဦးစီးဌာန၊ အဲဒီ့ဌာနတွေကနေ စစ်ဆေးချက်အဖြေတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ပြည်ထဲရေး ဝန်ကြီးက ပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ကျေးရွာတွင် ညအိပ်ခဲ့သည့် တပ်မတော် အရာရှိ ၄ဦး၊ စစ်သည် ၂၂ဦး၊ အားကစားပြန် စစ်သည် ၂ဦး၊ စုစုပေါင်း ၂၈ဦး၏ ခန္တာကိုယ်အနှံ ခိုက်ရန်ဖြစ်ပွားဒဏ်ရာ ရှိမရှိ၊ ဆံပင်နမူနာ၊ သဲလွန်စ ရှိမရှိ စစ်ဆေးခဲ့ပြီး သံသယဖြစ်ဖွယ် ကင်းရှင်းကာ အမှုမှန် ပေါ်ပေါက်သည်အထိ ကောင်းခါရွာရှိ တပ်မတော်စစ်သားများကို ပြန်ရုပ်သိမ်းဦးမည် မဟုတ်ဟု ပြောသည်။

သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် တပ်မတော်အပေါ် ပုတ်ခတ်စွပ်စွဲပြောဆိုမှု များ ပြုလုပ်လာကြောင်း တွေ့ရသဖြင့် အမှုမှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်အား မဟုတ်မမှန် ရေးသားပြော ဆိုမှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ရက်က အစိုးရက သတိပေးထားသည်။

Most read this week