အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအတည်ပြုရန် အရေးတကြီးလိုအပ်နေ

အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအတည်ပြုရန် အရေးတကြီးလိုအပ်နေ
by -
မဇ္စျိမ

ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းများ မြေစမ်းခရမ်းပျိုးနေသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် ဥပဒေ၏ ပြောင်းလဲမှု အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါနေသည်။

သို့အတွက် အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ရေးဆွဲနေသော 'အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေ' ကို အတည်ပြုနိုင်ရန် အရေးတကြီး လိုအပ်နေပြီဟု ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသောပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာက ပြောသည်။

Worker

''ဒု-ဝန်ကြီးက ဒီဥပဒေကို ရေးဆွဲနေတာ အခန်း ၁၁ ခန်းရှိပြီ။ အခန်း ၁၁ ခန်းရှိပြီဆိုရင် ဘယ်လောက် အထိ ဆက်ဆွဲမှာလဲ။ ဒီလွှတ်တော်သက်တမ်းအတွင်း အပြီးသတ်နိုင်မလား မေးခွန်းထုတ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲကောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။ ထောက်ခံမဲများတဲ့အတွက် ဆက်ဆွေးနွေး ဖြစ်မှာပါ'' ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေရေးဆွဲရာတွင် ပါဝင်သူ ကျားမတန်းတူညီမျှရေး ကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ''ဒီဥပဒေကို ရေးဆွဲတာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နယ်ပယ်စုံက လူတန်းစားအလွှာအား လုံးက အမျိုးသမီးတွေ အားလုံးရဲ့ အသံပါဝင်အောင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဥပဒေဖြစ်အောင် အချိန်အတော်ပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးဆိုတာကို နားလည်လက်ခံ အသိအမှတ်ပြုမှု အားနည်းတာကြောင့် အတည်ပြုဖို့ ဖြစ်မဖြစ်တော့ မှန်းဆရခက်ပါတယ်'' ဟု ဆိုသည်။

ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်ဆူဇန်နာလှလှစိုးက ''ဒီဥပဒေကို လွှတ်တော်တင်နိုင်ပြီဆို ရင်တော့ ၅ဝ ရာခိုင်နှုန်း အောင်မြင်ပြီ ပြောရမယ်။ အတည်ပြုနိုင်ပြီဆိုရင်တော့ ခေတ်အဆက် ဆက် မြန်မာအမျိုးသမီးတွေအတွက် အကျိုးရှိစေမယ်။ အနာဂတ်မျိုးဆက်အတွက် ကောင်းမွေပေးနိုင်ခဲ့တယ် ဆိုရမယ်'' ဟု ဆိုသည်။

အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်း ၂ဝဝ ကျော်နှင့် ဥပဒေပညာရှင်များပါဝင်သော ကော်မတီသုံးရပ် ဖွဲ့စည်း၍ ပူးပေါင်းရေးဆွဲသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စများကို လက်ရှိတွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့်သာ အရေးယူ အပြစ်ပေးနေသော်လည်း အဆိုပါအကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ယင်း ဥပဒေဖြင့်သာ ထိထိရောက်ရောက် အရေးယူကာ ကာကွယ်မှုပေးနိုင်မည်ဖြစ်သည်။

လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ''မြန်မာနိုင်ငံက စီဒေါ (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုပပျောက်ရေး သဘောတူစာချုပ်) မှာ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့ ဒါကိုအသက်ဝင်စေဖို့ ဆောင်ရွက်ရာမှာ ထိရောက်တဲ့ ဥပဒေမရှိဘူး။ ဒီဥပဒေ အတည်မပြုနိုင်ရင် တခြားသော မလိုလားအပ်တဲ့ ဥပဒေတွေ အတည်ဖြစ်ရင် အမျိုးသမီးတွေအတွက် နစ်နာမှုပဲဖြစ်လာနိုင်တယ်'' ဟု ဆိုသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ''ဒီဥပဒေကို အတည်ပြုမပြုက လွှတ်တော်အမတ်တွေထဲမှာလည်း ဘက်မလိုက်သူ ဘယ်လောက်ရှိသလဲအပေါ်မူတည်တယ်။ ဒါတွေကို မဖြစ်မနေ ကျော်ဖြတ်ရ မယ်။ ကျောင်းသားဥပဒေတောင် ကန့်ကွက်တဲ့ကြားက အတည်ဖြစ်ခဲ့တယ်ဆိုတော့ ဒါကို ပယ်ချမှာကိုလည်း စိုးရိမ်မိတယ်'' ဟု ပြောသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရန်ဟုဆိုကာ မျိုးစောင့်ဥပဒေများကို ပြဋ္ဌာန်းရန် လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ယင်းဥပဒေသည် အမျိုးသမီးများအားလုံး ကာကွယ်မပေးနိုင်ဘဲ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကသာ အမျိုးသမီးများအားလုံးကို ကာကွယ်မှု ပေးနိုင်သည်ဟု ဒေါ်ခွန်ဂျာက ပြောသည်။