MoU ထိုးပြီးသား ကျောက်မီးသွေးစက်ရုံ ၁၁ရုံကို ဒေသခံတို့ လက်ခံမှသာ တည်ဆောက်မည်ဟု ဆို

MoU ထိုးပြီးသား ကျောက်မီးသွေးစက်ရုံ ၁၁ရုံကို ဒေသခံတို့ လက်ခံမှသာ တည်ဆောက်မည်ဟု ဆို
by -
မဇ္စျိမ

၂ဝ၃ဝ-၃၁ နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေး ကမ္ဘာ့ဘဏ်အကူအညီနှင့် ရေးဆွဲထားသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး နှစ်ရှည်စီမံကိန်းတွင် ပါဝင်သည့် ပထမငါးနှစ်အတွင်း စတင်ဆောင်ရွက်မည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၁ ခုနှင့် နားလည်မှုစာချွန်လွှာ ထိုးထားသော်လည်း သက်ဆိုင်ရာ ဒေသခံတို့က လက်ခံမှသာ တည်ဆောက်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်သန်းဦးက ဇန်နဝါရီ ၅ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။

''ဖြစ်မြောက်နိုင်မှုရှိပြီး ပြည်သူများကလည်း သဘောတူ လက်ခံပါက ဆက်လက် အကောင်အထည်ဖော်သွား ပါမယ်'' ဟု ဒု-ဝန်ကြီးက ပြောသည်။

ပျော်ဘွယ်မြို ့နယ် ပြည်သူ့လွှတ်တော် အမတ်ဦးစိုးမြင့်၏ ''ကျေးလက်အရောက် အမြန်မီးလင်းရန် ရေတို အတွက် ခေတ်မီနည်းပညာသုံး ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်ရန်၊ ရေရှည် အတွက် နျူကလီးယား စွမ်းအင်မှ ဓာတ်အားထုတ်ရန် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုကို လျှပ်စစ်ဒု-ဝန်ကြီးက ရှင်းပြရာတွင် ပြောခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အဏုမြူယိုစိမ့်မှု ဆိုးကျိုးပေါ်ပေါက်နိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖိုမှ လျှပ်စစ်ဓာတ်အား ထုတ်မှုကို ဆောင်ရွက်ရန် လောလောဆယ်၌ အစီအစဉ်မရှိကြောင်း၊ ၂ဝ၁၃ ဇန်နဝါရီ ၉ရက်တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ရေးဆွဲသည့် အမျိုးသားစွမ်းအင် မူဝါဒတွင် ''လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကို ရေအားလျှပ်စစ်အပြင် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးတို့မှ တိုးချဲ့ထုတ်လုပ်ရန်နှင့် ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု အနည်းဆုံး ဖြစ်စေရေး လေ့လာဆောင် ရွက်ရန်'' ဖော်ပြပါရှိသည့်အတိုင်း လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။

ထို့အပြင် ၄င်းက ''ကျောက်မီးသွေး တူးဖော်အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရန် Clean Coal Tech-nology ကို အသုံးပြုရန် ဖော်ပြထားပါတယ်'' ဟုလည်း ဖြည့်စွက်ပြောသည်။

အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားခမှာ နျူကလီးယားနှင့် ရေအားလျှပ်စစ်တို့မှ ထုတ်ယူခြင်းပြီးလျှင် အသက်သာဆုံးဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်မှု ကာလသုံးနှစ်မှ ငါးနှစ်အတွင်း ဓာတ်အားမဂ္ဂါဝပ်ရာထောင်ချီပြီး ရရှိနိုင်ကြောင်း၊ နေ့စဉ်ဓာတ်အား အခြေခံဝန်အား(base load)ကို ထိန်းထားနိုင်ခြင်း၊ ကျောက်မီးသွေး ကုန်ကြမ်း နှစ်ရာချီ၍ သုံးနိုင်အောင်ရှိခြင်း၊ ကုန်ကြမ်းစျေးနှုန်း တည်ငြိမ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် နည်းပညာများ ပေါ်ပေါက်နေခြင်းစသည့် အားသာချက်များလည်း ရှိကြောင်း ဒု-ဝန်ကြီးက ရှင်းပြသည်။

နိုင်ငံ့လူဦးရေ၏ ၃၂ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးသည့် လက်ရှိလျှပ်စစ်ဓာတ်အား အရင်းအမြစ်အချိုး မှာ ရေအား လျှပ်စစ်မှ ၆၈ရာနှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃ဝရာနှုန်းနှင့် ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်းရှိပြီး သုံးမျိုးပေါင်း ပမာဏမှာ ၂ဝ၁၄ သြဂုတ်လအထိ ၄,၄၅၄ မဂ္ဂါဝပ်ရှိသည်ဟုလည်း ၄င်းက ပြောခဲ့သည်။

တနင်္သာရီတိုင်းရှိ ထားဝယ်မြို့နယ်၊ ဧရာဝတီတိုင်းရှိ ငရုတ်ကောင်းကျေးရွာ၊ ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်းမြို့ နယ်၊ စစ်ကိုင်းတိုင်းရှိ ကလေးဝမြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံအစရှိသည့် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် လျာထားသည့် ဒေသတို့မှ ပြည်သူတို့သည် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးအတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။