ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်သော ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ကို နေအိမ်များတွင် သာသနာ့အလံများ စိုက်ထူကာ ကန့်ကွက်ဆန္ဒဖော်ထုတ်မည်ဟု ရခိုင်အမျိုးသမီးကွန်ရက်အပါအဝင် တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီ ၅ ရက်တွင် ဆုံးဖြတ်လိုက်သည်။
ထိုဆန္ဒထုတ်ဖော်မှုကို ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်း နှစ်ဆယ်ကျော်ပါဝင်သော အစည်းအဝေးတစ်ရပ်ကို စစ်တွေမြို့တွင် နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ရခိုင် တစ်ပြည်နယ်လုံးက ပူးပေါင်းလာအောင်လည်း လှုံ့ဆော်မယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း အိမ်တိုင်းအိမ်တိုင်းမှာ သာသနာ့အလံတွေ စိုက်ထူးပြီး ဆန္ဒထုတ်ဖော်မယ်”ဟု ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးရှိ လူမှုအဖွဲ့ အစည်းများ ဖေဖော်ဝါရီ ရ ရက်တွင် ထပ်မံ၍ တွေ့ဆုံကာ ဆွေးနွေး မှုများ ပြုလုပ်မည် ဖြစ်သည်။ ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းအချို့နှင့် ရခိုင်လူငယ်များအဖွဲ့က လည်း ဖေဖော်ဝါရီ ၅ရက်က စတင်ကာ ခုနစ်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ကန့်ကွက်မည့် အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။