၄၃၆ မပြင်ပါက လွွှတ်တော်နိုင်ငံရေးတွင် ပါသင့်မပါသင့် ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်ပေါ် မူတည်၍ ၈၈တို့ ဆုံးဖြတ်မည်
၂၀၁၅ ခုနှစ် နိုင်ငံရေးဖြစ်စဉ်အတွင်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပူးပေါင်းကာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်း ပုံပြင်ရေး စသည်တို့ကို ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်း/ပွင့်တို့ တွေ့ဆုံမှု အပြီးတွင် ၈၈ ငြိမ်း/ပွင့်မှ ဦးဂျင်မီက ဆိုသည်။
NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့သည် ဖေဖော်ဝါရီ ၂ရက် တွေ့ဆုံမှုအပြီး နောက်ပိုင်း ၂၀၁၅ နိုင်ငံရေး ဖြစ်စဉ် အတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်လတစ်ကြိမ် သာမက အလျဉ်းသင့်သလို ဆက်လက် တွေ့ဆုံရန်လည်း သဘောတူခဲ့သည်။
၈၈ ငြိမ်း/ပွင့်နှင့် တွေ့ဆုံရာတွင်ပါ၀င်သည့် NLD ဗဟိုလအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က "ကျွန်တော် တို့ တစ်လကို တစ်ကြိမ် ဒါမှမဟုတ် အကြောင်းအရာပေါ် မူတည်တွေ့ဆုံဖို့ကို အခု စီအီးစီ အစည်းအဝေးမှာ တင်ပြပြီး ဆုံးဖြတ်ပါမယ်၊ ၂၀၁၅ရွေးကောက်ပွဲမှာ ၈၈နဲ့ NLD ပူးပေါင်းလုပ်ဖို့တော့ အခုမပါသေးပေ မယ့် နောက်ပါလာနိုင်ပါတယ်" ဟု ဆိုသည်။
၈၈ ငြိမ်း/ပွင့် ၏ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ ၀င်ရန် အခြေအနေကို လက်ရှိအချိန်တွင် တိတိကျကျ ဆွေးနွေး နေခြင်းမရှိသေးသော်လည်း နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးသွားရမည်ဟု ဦးဂျင်မီက ပြောသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ခြင်းမရှိပါက လွှတ်တော် နိုင်ငံရေးတွင် ပါ၀င်သင့် မပါ၀င်သင့်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်၍ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဆုံးဖြတ်သွားမည်ဟု လည်း ဦးဂျင်မီက ဆိုသည်။
၄င်းက "ဖွဲ့စည်းပုံမပြင်ရင် လွှတ်တော်နိုင်ငံရေးမှာ ပါမပါကို NLD နဲ့ ဆက်စပ်ပြီးစဉ်းစားရမယ် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်ပေါ် မူတည်တယ်၊ ကျွန်တော်တို့နှစ်ပေါင်း ၂၀ကျော် ၃၀နီးပါး လက်တွဲလုပ်လာတာ ကျွန်တော်တို့ ခေါင်းဆောင်ဖြစ်တယ်" ဟု ဆိုသည်။
ပုဒ်မ ၄၃၆ကို ပြင်ဆင်ခြင်းမရှိပါက လွှတ်တော်အတွင်း လူထုကိုယ်စားပြုအင်အား လျော့နည်းမည့် အပြင် ဖွဲ့စည်းပုံ၏ အခြား အစိတ်အပိုင်းများကိုလည်း ပြင်ဆင်ရန် ခက်ခဲခြင်းတို့ရှိနေသည်ဟု ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ကိုလည်း NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့ ပူးပေါင်းကာ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ် ငါးသန်းကိုကောက်ခံပြီး လွှတ်တော်တို့ တင်ပြခဲ့သေးသည်။
NLD ဗဟိုအလုပ်မှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဟံသာမြင့်တို့နှင့် ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမြအေး၊ ဦးပြံုးချို အပါအဝင် ၆ဦးတို့က NLD ရုံးချုပ်တွင ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀နာရီမှ ၁၁နာရီခွဲအချိန်ထိ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။