ပြည်ထောင်စုအစိုးရ၏ စွမ်းအင်ဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်သင့်ဟုဆို

ပြည်ထောင်စုအစိုးရ၏ စွမ်းအင်ဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်သင့်ဟုဆို
by -
မဇ္စျိမ

ကျာက်မီးသွေး စက်ရုံ စီမံကိန်းများ နေရာဒေသအနှံ့ တည်ဆောက်ရန် ဆောင်ရွက်နေမှုများသည် ပြည်ထောင်စု အစိုးရ၊ စွမ်းအင်ဝန်ကြီးဌာန၏ မှားယွင်းသည့် 'စွမ်းအင်ဆိုင်ရာမူဝါဒ' ၏ အကျိုးဆက်များဖြစ်ပြီး ပြန်လည်သုံး သပ်သင့်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်ကဆော့မွန် က ပြောသည်။

ဇန်နဝါရီ ၃၁ ရက်တွင် မော်လမြိုင်မြို့၊ ကောင်းမြတ်ဟိုတယ်၌ ပြုလုပ်သည့် 'အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏နိဒါန်း (Touching The Fire)' အမည်ရှိ မိနစ် ၄ဝ ကြာ မှတ်တမ်း ရုပ်ရှင် မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

နိုင်ကဆော့မွန်က ''ကျွန်တော်တို့နိုင်ငံမှာ စွမ်းအင်အရင်းအမြစ်တွေ များတယ်။ သဘာဝဓာတ်ငွေ့တွေ အများကြီးရှိတယ်။ လေနဲ့ထုတ်တဲ့၊ နေရောင်ခြည်နဲ့ ထုတ်တဲ့လူတွေကို အန္တရာယ်မဖြစ်စေတဲ့ စွမ်းအင်တွေ လည်း အများကြီးလုပ်နိုင်သေးတယ်။ ဒါတွေ ရှိလျက်သားနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၊ ဆည် တာတမံဆောက်တဲ့ကိစ္စမျိုးက လူထောင်ပေါင်းများစွာကို ဒုက္ခဖြစ်စေတယ်။ ဒါ့ကြောင့် ပြည်ထောင်စုအစိုး ရရဲ့ စွမ်းအင်ဆိုင်ရာပေါ်လစီကို ပြန်ပြီးတော့ review ( သုံးသပ်) လုပ်ဖို့လိုတယ်'' ဟု ပြောသည်။

ထိုမှတ်တမ်းရုပ်ရှင်ကို HURFOM အစီအစဉ်ဖြင့် ဒါရိုက်တာ မင်းသန်းဦး (Mon Multi-Media Institute) က ရိုက်ကူးပြီး အံဒင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ကြိုးပမ်းခြင်းကြောင့် ဘိုးဘွားစဉ်ဆက် တည်ငြိမ်အေးချမ်းစွာ နေထိုင်လာခဲ့သည့် ပြည်သူတို့၏အခြေအနေများ ရုတ်ချည်းအပြောင်းအလဲ ဖြစ်ပေါ် လာပုံကို ရိုက်ကူးဖော်ပြထားသည်။

မင်းသန်းဦးက ''ကုမ္ပဏီတွေ ဝင်လာပြီဆိုတာနဲ့ ကျွန်တော်တို့အချင်းချင်းကြားမှာ ညီညွတ်ရေးတွေပျက်ပြား လာတယ်။ ဒါတွေ ထင်ဟပ်စေချင်တဲ့ဆန္ဒနဲ့ ရိုက်ဖြစ်တာပါ'' ဟု ပြောသည်။

မှတ်တမ်းရုပ်ရှင်တွင် မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး၊ ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ကုမ္ပဏီ တာဝန်ရှိသူတို့၏ ပြောဆိုချက်များ၊ ပြည်နယ် လွှတ်တော်မှ ဒေသန္တရစီမံကိန်းများ လေ့လာသုံး သပ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၏ ပြည်သူ့ဘက် ရပ်တည်ဆောင်ရွက်ချက်များ၊ ဥယျာဉ်ခြံ၊ လယ် နှင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည့် ဒေသခံတို့၏ဘဝနှင့် ပြောဆိုချက်များကို ထည့်သွင်းထားသည်။

ယင်းအခွေများကို ဒေသခံများအား အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီး မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်သို့ ပေးပို့သွားမည်ဟု နိုင်ကဆော့မွန်က ပြောသည်။