အမျိုးသား ပညာရေး ဥပဒေအရေးမှ အချက် ၁၁ ချက်ပြင်ဆင်ရန် အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) နှင့် ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများ ဦးဆောင် ကော်မတီပါ၀င်သည့် လေးပွင့်ဆိုင်တွေ့ဆုံမှု မူဘောင်ချမှတ်ရေး အချက် ၈ ချက်ကိုပင် မပြီးပြတ်သည့်အတွက် ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
ဖေဖော်ရီ ၂ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ကျောင်း သားများက တောင်းဆိုထားသည့် အချက် ၁၁ ချက်အတွက် မူဘောင်ချမှတ်နိုင်ရေး အချက် ၉ ချက်ကို ဦးစွာ တင်ပြဆွေးနွေးခဲ့ကြသည်။ ထိုထဲမှ အချက် နှစ်ချက်မှာ စကားရပ်အချို့ ပြင်ဆင်သဘောတူပြီး အချက် တစ်ချက်ကို ဆက်လက်တင်ပြပေးရန် လည်းကောင်း၊ အချက် တစ်ချက်ကို ဖေဖော်ဝါရီ ၃ရက်တွင် ဆက်လက် ဆွေးနွေးမည်ဟူ၍ လည်းကောင်း၊ ကျန်အချက် ၅ ချက်ကို လေးဖွဲ့လုံး သဘောတူညီခဲ့ကြခြင်းဖြစ် သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ဝင် မဖြိုးဖြိုးအောင်က “ကျွန်မတို့ ဆွေးနွေးမယ့် အချက် ၁၁ ချက်အတွက် အာမခံချက်ရှိဖို့အတွက် အဲ့ဒီ ၁၁ ချက်ကို ဆွေးနွေးမှု မစခင် မသွားခင်မှာ အဲ့ဒီ ၉ ချက်ကို ဆွေးနွေးဖို့ မဖြစ်မနေတင်ရတာပါ” ဟု မဇ္စျိမကို ပြောသည်။
အဆိုပါ မူဘောင်ထဲမှ ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများဆက်စပ်ဥပဒေများ ရေးဆွဲရာ တွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ၊ဆရာမများ ကိုယ်စားလှယ်များ ပါ၀င်ရမည်ဟူသည့် အချက် တစ်ချက်ကို ဖေဖော်ဝါရီ ၃ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါ၀င်သူ မည်သူကိုမှ သပိတ်နှင့်ပတ်သက်ပြီး အရေးမယူရန်ဆိုသည့် အချက်ကိုမူ အစိုးရဘက်မှ တာဝန်ရှိသူများသို့ ဆက်လက်တင်ပြပေးမည် ဟူသည့် အဖြေသာ ထွက်ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နေပြည်တော်မှ တွေ့တဲ့အခါ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ် ဆိုတာ ပြောထားတယ်။ နေပြည်တော်က ထွက်လာတဲ့ သဘောထားထုတ်ပြန်ချက်မှာ ပွဲလုပ်တဲ့နေမှာ သပိတ်တွေရပ်ရမယ်လို့ ထုတ်ပြန်ထားတာရှိတယ်။ ကြားကဝင်ပြီး ဆောင်ရွက်ပေး တာဖြစ်တယ်။ အောင်မြင်စေချင်လို့ ဆောင်ရွက်ပေးတာပါ။ သူတို့ပြောတဲ့ အကြိုတင်ပြချက်မှာ အကြမ်းဖြင်း ရ ချက်လောက်ကို သဘောတူနိုင်တယ်။ ၂ချက်လောက်ပဲကျန်တယ်။ ဒါကိုဆက်ဆွေးနွေးမယ်” ဟု ပြောသည်။
သဘောတူညီချက်ရရှိခဲ့သည့် မူဘောင်အချက်များမှာ ဆွေးနွေးပွဲတစ်ကြိမ်ပြီးတိုင်း သဘောတူ ထုတ်ပြန်ချက်များ ပူးတွဲထုတ်ပြန်ရန်၊ ဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူလူထုသို့ လွတ်လပ်စွာ သတင်း ထုတ်ပြန်ရန်၊ ဆွေးနွေးပွဲအတွင်း ညီတူမျှတူ တန်းတူအခွင့်အရေးရှိရန်၊ သဘောတူညီမှုများ သည် ကျောင်းသားများ လိုလားသော အချက် ၁၁ ချက်ကို အခြေခံပြီး ဆက်လက် ဆွေးနွေး ဆောင်ရွက် သွားရန်၊ လက်ရှိဖွဲ့စည်းထားသော ကျောင်းသား ဆရာ သမဂ္ဂများကို အသိအမှတ်ပြုရန်၊ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုအမျိုးသားအဖွဲ့က လွှတ်တော်သို့ စောလျှင်စွာ တင်သွင်းရန်နှင့် ကျောင်းသားပြည်သူများ ကျေနပ်သော ဥပဒေကြမ်း၊ နည်းဥပဒေများ နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ရက် ၃၀ အတွင်း ဆွေးနွေးဆောင်ရွက်သွားရန် တို့ကို ဖေဖော်ဝါရီ ၁ရက် တွေ့ဆုံဆွေးနွေးပွဲက သဘောတူညီခဲ့သည်။
အချက် ၁၁ ချက်ကို အခြေခံကာ ဆွေးနွေးပွဲများမှ ရလဒ်များထွက်ပေါ်လာပြီးနောက် အမျိုးသားပညာရေး ဥပဒေကို အသစ်ပြန်လည် ရေးဆွဲသွားမည်ဖြစ်သည်။