ရန်ကုန် (မဇ္စျိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) က ကရင်တစ်မျိုးသားလုံး မှန်ကန်သည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် လက်တွဲ မဖြုတ်စတမ်း အောင်မြင်မှုရသည်အထိ စည်းစည်းလုံးလုံး လျှောက်လှမ်းကြရန် ဇန်နဝါရီလ ၃၁ ရက်တွင် ကျရောက်သော (၆၆) ကြိမ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်သည်။
၆၆ ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို KNU ၏ တပ်မဟာ ရ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားတွင် KNU စစ်ဦးစီးချုပ်မှ ဦးဆောင်၍ အလေးပြုခြင်း၊ စစ်သည်များ၏ စစ်ရေးပြခြင်း၊ ဥက္ကဋ္ဌ မူထူးစေးဖူး၏ သဝဏ်လွှာ ဖတ်ကြားခြင်း၊ မဟာမိတ်အဖွဲ့အစည်းများမှ ရခိုင်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်က ကရင့်အမျိုးသားတော်လှန်နေရေးနေ့ အထိန်းအမှတ်အဖြစ် အမှာစကားပြောကြားခဲ့ သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
ပြည်တွင်းမှ ကရင်နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် နယ်စပ်တလျှောက်မှ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ကရင်ငြိမ်းချမ်းရေးကောင်စီ၊ DKBA၊ ကရင်ပြည်သူလူထုများ အပါအဝင် လူထု ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
“နိုင်ငံရေးအရ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်တယ်။ နိုင်ငံရေး တိုက်ပွဲ ဝင်ဖို့အတွက် ကျွန်တော်တို့ ကရင်အမျိုးသားတွေ စည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်မှု သိပ်ပြီး အဓိက ကျတယ်။ စည်းလုံးညီညွတ်မှု အင်အားဖြစ်တယ်။ စည်းလုံး ညီညွတ်မှုကတဆင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက် ပန်းတိုင်ကို ရောက်ဖို့တော့ ကျွန်တော်တို့ ဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်”ဟု KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။
ကရင်အမျိုးသားများ၊ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ ကရင်လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို ယခုဖြစ်စဉ်အပေါ်တွင် မိမိသက်ဆိုင်ရာ အခန်းကဏ္ဍမှ လေးလေးနက်နက် နားလည်အောင်ပြုလုပ်ကြရင်း၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား အချိန်အဆက် မိမိ တက်တက်ကြွကြွဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေပြု၍ ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
နှစ်ပေါင်း ၆၀ ကျော်သည်အထိ ကရင်အမျိုးသားများ လိုလားသော ရည်မှန်းချက်များ မရရှိသေးသလို အခြားတိုင်းရင်းသားများ၏ အခွင့်အရေး အာမခံချက် မရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။
“ကရင်အမျိုးသားများလိုလားချက် မရသေးဘူး။ အခုက နိုင်ငံတော်က ပြည်ထောင်စုလို့ ပြောပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ နေရတာကိုး။ ၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တာ မပြည့်စုံ မလုံလောက်ဘူး။ ဒီမိုကရေစီ အခွင့်အရေးမရှိဘူးဆိုတော့ ကျနော်တို့ မရသေး ဘူး။ ပြည်နယ်တော့ ရှိတာပေါ့။ နာမည်ခံ။ ကရင်လူမျိုးတွေ ဘာမှ ဆုံးဖြတ်၊ လုပ်ပိုင်ခွင့် မရှိဘူး၊ ကျနော်တို့ နိုင်ငံရေးလုပ်ရှားမှုကို မပြီးဆုံးသေးဘူး။ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ရရှိဖို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက် သွားရမှာဖြစ်တယ်”ဟု သူက ပြောသည်။
KNU သည် ပဏာမ အပစ်အခတ် ရပ်စဲခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းမှ တဆင့် ခိုင်မာသော အပစ်အခတ် ရပ်စဲရေးရရန် လုပ်ဆောင်နေပြီး “တွေ့ဆုံဆွေးနွေးရေးစာပွဲဝိုင်း”တွင် ယုံကြည်မှု အပြည့်အဝဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ရန် တိုက်တွန်းထားသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ၆၆ ကြိမ်မြောက် ကရင့်အမျိုးသားတော် လှန်ရေးနေ့သို့ ဇန်နဝါရီလ ၃၁ ရက်က သဝဏ်လွှာပေးပို့ခဲ့ရာ ကရင် အမျိုးသား တော်လှန်ရေးသည် လွတ်လပ်ရေးရပြီး ပြည်ထောင်စု တည်ဆောက်ရေးကို ပြန်လည် တည့်မတ်ရန် စတင်ခဲ့သည့် အမျိုးသားတန်းတူရေး အခြေပြုလှုပ်ရှားမှုကြီး ဖြစ်သည့်အပြင် တော်လှန်ရေး သက်တမ်းတလျှောက် လက်ဆင့်ကမ်းချီတက်သည့် တပ်ပေါင်းစု အဆင့်အဆင့်တွင် ရှေ့ဆောင်ရှေ့ရွတ်ပြု အနစ်နာခံတိုက်ပွဲဝင် ခဲ့သော အစဉ်အလာကြီးမားသည့် တော်လှန်ရေးဖြစ်ကြောင်း UNFC က ဂုဏ်ပြုမှတ်ထမ်းတင်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကရင်အမျိုးသားတော်လှန်ရေးသက်တမ်း ၆၆ နှစ်ပြည်မြောက်လာပြီ ဖြစ်သည်နှင့်အညီ လူမျိုးစုံ တိုင်းရင်း သားပြည်သူတရပ်လုံး ထောက်ခံမှုဖြင့် ရပ်တည်တိုက်ပွဲဝင်နေကြသည့် လူမျိုးအသီးသီး၏ အမျိုးသားတန်းတူရေး-တော်လှန်ရေး ရည်မှန်ချက် ပန်းတိုင် လက်တကမ်းအလို ကာလတွင် နောက်ဆုံး အတားအဆီး ဖြစ်နေသည့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တိုက်ပွဲကို ကရင်အမျိုးသားတော် လှန်ရေး ဦးဆောင်အင်အားစုများနှင့်အတူ အဆုံးသတ်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း UNFC က အသိပေးလိုက်သည်။