အစိုးရသစ် ထပ်မံရွေးကောက်နိုင်မည့် ၂ဝ၁၅ ခု အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလ ကုန်ပိုင်းနှင့် နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကတိပေးလိုက်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကျင်းပရန် ဆယ်လခန့်သာ ကျန်တော့သည်။
ယင်းအချိန် မတိုင်မီတွင်ပင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံပါအတိုင်းဟုဆိုကာ အများပြည်သူ ယုံကြည်ကိုးစားရသူဟု ယူဆပြီး ဖွဲ့စည်းပေးခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်သူ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့အပေါ် နိုင်ငံရေးပါတီ၊ တက်ကြွလှုပ်ရှားသူ၊ ပညာရှင်တို့၏ ဝေဖန်မှုများစွာ ရှိနေသည်။
အဓိကအားဖြင့် ဥက္ကဋ္ဌအာဏာသုံး ပယ်ဖျက်လိုက်သည့် ၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် တပ်မတော်မှ စစ်သားများကို ပြည်ထောင်စုအဆင့်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အသီးသီးက ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
တပ်မတော်သား ၁ဝဝ နီးပါးကို တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်တို့ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂ဝ၁၄ ခုနှစ်အတွင်း ခန့်အပ်ခဲ့သည်။
အာဆီယံဒေသတွင်း အင်ဒိုနီးရှား နိုင်ငံရှိရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ တက်သိကျွမ်းကျင် ပညာရှင်များ၊ ဘဝတစ်လျှောက် နာမည်ကောင်းနှင့် ကျော်ဇောသူတို့ ကိုယ်တိုင်နှင့် ဖွဲ့စည်းကာ မျှမျှတတဆောင်ရွက်သည်ဟု နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံရေးလေ့လာသူ ပညာရှင်တစ်ဦးက ဆိုသည်။
''အဲဒီလိုမဟုတ်ဘဲ ဆန့်ကျင်ဘက် ဖွဲ့တာဆိုရင် မြောက်ကိုရီးယား နိုင်ငံပဲရှိတယ်။ ရွေးကောက်ပွဲလည်း လုပ်ချင်တဲ့ အချိန်လုပ်တယ်၊ ကော်မရှင်မှာလည်း စစ်သားဟောင်း၊ အလုပ်သမားပါတီက ပေါ်လစ်ဗျူရိုတွေနဲ့ ဖွဲ့တယ်'' ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အဖွဲ့ဝင်တို့ကို ပြောင်းလဲပြင်ဆင်ပေးရန် ပြည်သူ့ဆန္ဒ လက်မှတ်ကောက်ယူမှုကို ဒဂုံဆိပ်ကမ်း၊ ဒေါပုံနှင့် သင်္ဃန်းကျွန်းတို့တွင် လိုက်လံကောက်ယူနေပြီး အဆိုပါ လက်မှတ်များကို ပြည်ထောင်စု လွှတ်တော်နှင့် သမ္မတတို့ထံကို တင်ပြရန် ပြည်သူ့လှုပ်ရှားမှု ကွန်ရက်က ဆောင်ရွက်နေသည်။
ပြည်သူ့လှုပ်ရှားမှု ကွန်ရက်လုပ်ငန်း ဖော်ဆောင်မှု တာဝန်ခံ ဦးမြတ်ကျော်က ''ဦးတင်အေးသာ လုပ်မယ်ဆိုရင် ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူး၊ စစ်ဗိုလ်ချုပ်ရဲ့ လားရာက အရမ်း ရှင်းပါတယ်'' ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ ရက်ပေါင်း ၃ဝ မှ ၆ဝ ထိ တိုးမြှင့်ပေးမည်ဟု ကတိပြုထားသည့် မဲဆွယ်စည်းရုံးခွင့် ရက်ကို တိတိကျကျ ပြင်ဆင်မပေးသေးပေ။
''၂ဝ၁၅ အတွက်ကိုတော့ မဲစာရင်းတွေ ထွက်လာခဲ့ရင် တစ်စုံတစ်ခုထိ သိလာလိမ့်မယ်'' ဟု လွှတ်တော် စောင့်ကြည့်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးအေးကျော်က ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး ပါတီများနှင့် အကြိမ်စိပ်စိပ် တွေ့လာခြင်း၊ တွေ့ ဆုံစဉ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေး မည်ဟု ကတိကဝတ်များ ပြုထားသည့်အပြင် ယင်းအတွက် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နည်းပညာ၊ ငွေကြေးအထောက်အပံ့များကို ပေးအပ်နေကြသည်။
ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ''ကော်မရှင် အဆင့်ဆင့်က သူတို့(အာဏာရပါတီ) ယုံကြည်ရတဲ့သူတွေပဲ၊ အမှန်တကယ်က တိုင်းပြည်က လေးစားတဲ့ သူတွေ၊ တပ်ထဲက မပါတဲ့သူတွေ ဖြစ်ဖို့ကောင်းတယ်။ အဲဒီတော့ ၂ဝ၁၅ က တရားမျှတ လွတ်လပ်မှု ရှိ မရှိက အဲဒီအချိန်ကိုပဲ စောင့်ကြည့်ရမှာပဲ'' ဟု ဆိုသည်။
ကော်မရှင်က ပါတီတွေအပေါ် ဆက်ဆံမှုများသည် တစ်ပါတီနှင့် တစ်ပါတီ ကွဲပြားမှုတွေ ရှိနေသကဲ့့သို့ ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေး ကိစ္စများတွင်လည်း ပါတီများ၏ ဝေဖန်မှုများ ခံနေရသည်။
ကော်မရှင်ဥက္ကဋ္ဌ ဆင်းသက်လာသည့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဒီဇင်ဘာလမှ စတင်ကာ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းတို့တွင် တောင်သူလယ်သမား လူငယ် တွေ့ဆုံပွဲများက ပါတီစည်းရုံးရေးကို ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌရာထူးဖြင့် ဆောင်ရွက်ခြင်း အပေါ် ကော်မရှင်၏ ရပ်တည်မှုကိုလည်း ကျန်ပါတီများက ဝေဖန်ခြင်း ဖြစ်သည်။
''နောက်ပိုင်း ဒီလိုကိစ္စမျိုးတွေက ပြတ်ပြတ်သားသား ပြောမှ ဖြစ်မယ်'' ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးထွန်းရီက ဆိုသည်။
ပါတီများ ဥပဒေချိုးဖောက်ပါက တိုင်ကြားနိုင်ပြီး တိုင်ကြားမှုအပေါ်တွင်သာ အရေးယူမည်ဟု နိုင်ငံရေးပါတီ များနှင့် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် ပန်ဒါ ဟိုတယ်တွင် တွေ့ဆုံစဉ် ဦးတင်အေးက အတိအလင်းပြောခဲ့သည်။