တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ကိုဧပြီလ နောက်ဆုံးပတ်တွင် စတင်ရန် ဖက်ဒရယ်ဒီမိုကရေ စီမဟာမိတ် (FDA) က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA) အဖွဲ့ဝင် ပါတီအသီးသီးမှ ခေါင်းဆောင်များသည် ဇန်နဝါရီ ၂၇ ရက်က အစည်းအဝေး ပြုလုပ်ကာ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ ကြေညာချက်တွင် အမျိုးသားညီညွတ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် တစ်မျိုးသားလုံးစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်ခွင့် ရရှိစေရေးစသည့် အမျိုးသား ရေရှည်အကျိုးစီးပွားများကို အာမခံချက်ပေးနိုင်မည့် နိုင်ငံရေး အာမခံချက်ရှိစေသော ကတိကဝတ်တစ်စုံတစ်ရာကို လာမည့် ဖေဖော် ဝါရီလအတွင်း လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဧပြီလနောက်ဆုံးပတ်များမှစ၍ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် တိုက်တွန်းထားသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက''ရက်ကတော့ သိပ်မကျန်တော့ဘူး။ ဒါပေမဲ့ နှစ်ဖက်စလုံး ညီညီညွတ်ညွတ်နဲ့ အပြန်အလှန် အာမခံချက်ပေးပြီး ဆွေးနွေးကြမယ်ဆို ရင် မျှော်မှန်းတဲ့နေ့မှာ သဘောတူညီမှု၊ ဒါမှမဟုတ် ကတိကဝတ်တစ်ခုကို ရသွားနိုင်ပါတယ်'' ဟု ပြောသည်။
အပြန်အလှန်နားလည်မှုရှိစွာဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မည်ဟူသည့် ခိုင်မာစွာ ကတိပေးပါက အပစ်အခတ်ရပ်စဲရေး နီးကပ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
FDA အဖွဲ့ဝင် ပါတီခေါင်းဆောင်များသည် ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ပြည် တွင်းငြိမ်းချမ်းရေး နိုင်ငံရေး၊ ဆွေးနွေးပွဲများ လုပ်ငန်းတွင် အပစ်အခတ်ရပ်စဲရေး စတင်ဆောင်ရွက်ရေး၊ ၂ဝ၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိရေး ခေါင်းစဉ် သုံးခုအောက်တွင် ဆွေးနွေးခဲ့ကြသည်။
အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးရန် အနည်းငယ်သာကျန်ရှိနေသည့် အချက်များကိုလည်း အမြန်ဆုံး ညှိနှိုင်းရန်လည်း တိုက်တွန်းထားသည်။