ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) တို့အားအသွင်ပြောင်း၍ သမ္မတရုံးလက်အောက် ၌ ထားရှိမည့် သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရေး ဆိုင်ရာ အဖွဲ့အစည်း
သစ်သည် လာမည့် ဘဏ္ဍာနှစ် ၂ဝ၁၅-၁၆ အမီ အစိုးရအသုံးစရိတ် ရရှိရန်လိုအပ်သည့် ဖွဲ့စည်းပုံ၊ ဥပဒေ၊ နည်းပဒေများ ရေးဆွဲပြင်ဆင်လျက်ရှိကြောင်း သတင်းတပ်ဖွဲ့ တွင် တာဝန် ထမ်းဆောင်နေသည့် အမည်မဖော်လိုသည့် အကြီးတန် အရာရှိတစ်ဦးက မဇ္ဈိမကို ဇန်နဝါရီ ၂၆ ရက်က ပြောသည်။
၎င်းက ''ဒီအဖွဲ့ကို ဖွဲ့စည်းဖို့ သမ္မကလက်မှတ် ထိုးလိုက်ပြီ။ ကက်ဘိနက်ကို ချပေးလိုက်တာလည်း (App-rove) အတည်ပြုချက် ရပြီ။ လိုနေတာက အဖွဲ့အစည်း နာမည်၊ ဖွဲ့စည်းပုံ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းပိုင်း တွေ လိုနေတယ်။ အဲဒါကို အသစ် ရေးဆွဲနေတယ်။ အဲဒါပြီးရင်တော့ လာမယ့် ဘဏ္ဍာနှစ်အမီ အစိုးရ ဆီ က အသုံးစရိတ်တောင်းနိုင်အောင် စီစဉ် ဆောင်ရွက်နေပါတယ်''ဟု အတည်ပြု ပြောသည်။
ယင်းအသစ် ဖွဲ့စည်းသွားမည့် သတင်းအချက်အလက် ထောက်လှမ်းရေး ဆိုင်ရာ အဖွဲ့အစည်းအမည် (အ ခေါ်အဝေါ်)နှင့် ဝတ်စုံယူနီဖောင်း သတ်မှတ်ချက်များကိုလည်း ဥပဒေ၊ နည်းပဒေများ ထွက်ရှိပြီး နောက် ပိုင်းမှသာ အတိအကျ သိရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုအဖွဲ့အား ယခုလက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် သတင်းတပ်ဖွဲ့နှင့် (စစစ) အ ဖွဲ့တို့၏ ရှိရင်းစွဲ အင်အားမှ ထုတ်နုတ်ဖွဲ့စည်းသွားမည် ဆိုသော်လည်း ရဲတပ်ဖွဲ့၌မူ ရဲသတင်းတပ်ဖွဲ့မှာ ဆက်လက် ရှိသွားရမည်ဖြစ်ကြောင်း နေပြည်တော်တိုင်းမှ ရဲမှူးကြီးတစ်ဦးကလည်း ၄င်း၏ အမြင်ကို ပြော သည်။
နေပြည်တော်တိုင်း ရဲမှူးကြီးက''အဲဒီအဖွဲ့ကို ဖွဲ့မယ် ဆိုပေမယ့် ရဲမှာတော့ ရဲသတင်းတပ်ဖွဲ့က ဆက်လက်ရှိ သွားရမှာပဲလေ၊ ရပ်သွားလို့ မရဘူး။ ဒါပေမယ့် အဲဒီ အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေက ရဲနဲ့မတူဘဲ လုပ် ဟန်တွေ ကွဲသွားမယ်။ လုပ်ငန်းတူတဲ့ အဖွဲ့အစည်း နှစ်ရပ်ဆိုပြီး ဖွဲ့လို့တော့ မရဘူး။ သူ့လုပ်ငန်း ကိုယ့်လုပ် ငန်းဆိုပြီး သတ်သတ်မှတ်မှတ်တော့ ရှိသွားရမယ်''ဟု မဇ္ဈိမကို ပြောဆိုသည်။
ယခင်စစ်အုပ်ချုပ်ရေး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် နိုင်ငံတော်လုံ ခြံုရေးဆိုင်ရာနှင့် အခြားအရေးပါသည့် သတင်းအချက်အလက် စုံစမ်းထောက်လှမ်းမှုများကို MI (Military Intelligence) ယူနစ်က တာဝန်ယူခဲ့သော်လည်း ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့် ဖမ်းဆီးထိန်းသိမ်းခံရ ပြီး နောက်မှ ယခင်ရှိထားသည့် ထောက်လှမ်းရေးယန္တရား တစ်ခုလုံး ဖျက်ဆီးခံခဲ့ရသည်။
ထို့ကြောင့်လည်း ဦးသိန်းစိန်အစိုးရသစ် လက်ထက်၌ အဆိုပါ အရေးပါသည့် သတင်း အချက်အလက်များကို အချိန်မီနှင့် နိုင်ငံတကာ လုပ်ထုံးများနှင့်အညီ သတင်း အချက်အလက် ထောက်လှမ်းရေးအဖွဲ့ တစ်ခုကို တည်ဆောက်နိုင်ရန် ပြင်ဆင်လာကာ ယခုအချိန်၌ အကောင်အထည် ပေါ်ခဲ့ခြင်းလည်းဖြစ်ကြောင်း အမည် မဖော်လိုသည့် သတင်းတပ်ဖွဲ့ အရာရှိကြီးက ပြောသည်။
''စစ်တပ် (စရဖ) ယူနစ်ကို ချန်ထားခဲ့တယ်ဆိုတာလည်း နိုင်ငံတကာစံနဲ့ ထောက်လှမ်းရေးယူနစ်တစ်ခု ပီ ပီပြင်ပြင်ဖြစ်အောင် လုပ်ဆောင်တဲ့ အပိုင်းကြောင့်ပါ၊ ထောက်လှမ်းရေးယူနစ်မှာ စစ်တပ်ကတော့ မပါဝင် သင့်ဘူး။ သတင်းအချက်အလက် စီးဆင်းမှုအရ စစ်တပ်နဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေထားရှိ ထားပြီးသားဖြစ်တယ်။ ချန်ခဲ့တာလည်း မဟုတ်သလို သူ့တာဝန် ကိုယ့်တာဝန်ဆိုပြီး သတ်သတ်မှတ်မှတ် ခွဲလိုက်တာပါ'' ဟု ၎င်းက ပြောသည်။
အဆိုပါ သတင်းအချက်အလက် ထောက်လှမ်းရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန်၊ ဥပဒေ၊ နည်းဥပဒေ ရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကိုလည်း ယခုလကုန်ပိုင်း ၌ ရန်ကုန်မြို့တွင် ကျင်းပသွားရန် ရှိကြောင်း အဆိုပါ သတင်းတပ်ဖွဲ့ အရာရှိကြီး က အတည်ပြုပြောသည်။