နေပြည်တော် ကောင်စီသည် လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်သစ်တွင် သုံးစွဲရန် ကျပ်သန်း ခုနစ်သောင်း ကျော်ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ပဥ္စမနေ့တွင် တင်ပြ တောင်းခံလိုက်သည်။
နေပြည်တော် ကောင်စီဝင် ဦးကံချွန် က ''သာမန် အသုံးစရိတ် ကျပ်သန်း ၁,၉၂၉ ဒသမ ၆ သန်းနှင့် ငွေလုံး ငွေရင်း အသုံးစရိတ် အဖြစ် ကျပ် ၆၉ ဒသမ ၉,၄၆၃ ဘီလီယံ (ကျပ်သန်း ၆၉,ဝဝဝ ကျော်) တင်ပြထားပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော်သို့ ပြောသည်။
သာမန် အသုံးစရိတ်တွင် တစ်မြို့နယ်လျှင် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင် အပါအဝင် ကျေး လက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ကျပ်သန်း ၅ဝဝ၊ အထောက်အကူပြု စီမံခန့်ခွဲ့ရေး ကော်မတီ လုပ်ငန်းအသုံးပြုရန် လစာ ကျပ်သန်း ၈ဝ နှင့် ချီးမြှင့်ငွေ ကျပ်သန်း ၂၄၂ ဒသမ ဝ၆ သန်းတို့ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
ငွေလုံးငွေရင်း အသုံးစရိတ်တွင်မူ လမ်းတံတား တည်ဆောက်ခြင်း၊ ရေနှင့် သန့်ရှင်းမှုလုပ်ငန်း၊ ကျေးရွာ ဖွ့ံဖြိုးရေး၊ ရေရှိရေး၊ မြို့နယ်များ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျေးရွာမီးလင်းရေးတို့ အသုံးပြုရန် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ဘဏ္ဍာရေးနှစ်သစ်၌ သုံးစွဲမည့်ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ဝန်ထမ်းတို့အတွက် လိုင်းခန်းများ အသစ်တည်ဆောက်ရန်လည်း ဘတ်ဂျက်ငွေ ကျပ် ဘီလီယံ ၂ဝ တိုးမြှင့် တောင်းခံထားကြောင်း သိရသည်။
နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ''အပျိုနှင့် လူပျိုဝန်ထမ်းများအနေနဲ့လည်း နေရာထိုင်ခင်း မလုံလောက်လို့ အိမ်ထောင်သည် နေအိမ် ၄၁ လုံးကနေ ယာယီအားဖြင့် လုံးချင်းအလိုက် အခန်းပေါင်း ၉၅၂ ခန်းကို နေရာ ချထားပေးနေရတယ်။ ကျပ်ဘီလီယံ ၂ဝ ချထားပေးခြင်းအားဖြင့် ဝန်ထမ်းတွေအတွက် နေစရာစီစဉ် ပေးနိုင်မှာ ဖြစ်တယ်'' ဟု ပြည်ထောင်စု လွှတ်တော်ထံ တင်ပြသည်။