ရှမ်းမြောက်တွင် အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ နှစ်ရက်ဆက် တိုက်ပွဲများဖြစ်နေ

ရှမ်းမြောက်တွင် အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ နှစ်ရက်ဆက် တိုက်ပွဲများဖြစ်နေ
by -
မဇ္စျိမ

 ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ ဒီဇင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အေနှင့် ပလောင်တပ်တို့က မဇ္စျိမကို ပြောသည်။

KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ တပ်များနှင့် အစိုးရတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အကြား ဇန်နဝါရီလ ၂၅ ရက်က တိုက်ပွဲ ပြင်းထန်ခဲ့သလို၊ ဇန်နဝါရီ ၂၆ ရက် နံနက် ပိုင်းတွင်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အေ တပ်မဟာ ၄ မှ ဗိုလ်မှူးကြီး မျိုးဇော့က မဇ္စျိမကို ပြောသည်။

“တိုက်ပွဲက ပြင်းထန်တဲ့ သဘောရှိတယ်။ မနေ့က ည ၈ နာရီထိ ဖြစ်တယ်။ တစ်နေ့ကနေ တိုက်ပွဲက စဖြစ်လာတာ။ အစိုးရတပ်က အင်အား ၂၀၀ ကျော်လောက်ရှိမယ်။ ကွပ်ခိုင်နယ် တပ်မဟာ ၄ အောက် ရင်း ၉ နေရာက မူဆယ်-လားရှှိုး-နမ့်ခမ်း ကားလမ်း (ပြည်ထောင်စုလမ်း) အနောက်ဘက်ခြမ်းမှာ ဖြစ်တာ” ဟု သူက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ကြာ နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး KIA နှင့် စကခ (၁) လက်အောက်ခံ တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ကေအိုင်အေ တပ်မဟာ ၄ မှ ဗိုလ်ကြီး ဇော်လက ပြောသည်။

“မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း တပ်ရင်း ၉ မုန်ဘော်ဟိုဘက်မှာက နေ့တိုင်းလို ဖြစ်နေတယ်။ ၃၆၊ ၃၈ ဘက်လည်း ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်ဦးမယ်။ ဘာလို့လဲ ဆိုတော့ အစိုးရ စစ်တပ်က အင်အားတွေ ဖြည့်တယ်”ဟု သူက ပြောသည်။

အလားတူ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသတွင် TNLA တပ်နှင့် အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့တို့အကြား ဇန်နဝါရီလလ ၂၅ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို၊ ဇန်နဝါရီ ၂၆ ရက် နံနက်တွင်လည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်ဟု TNLA ၏ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“နမ့်ခမ်းမြို့နယ်ထဲမှာ ညနေ ၆ နာရီခွဲကနေ ၈ နာရီခွဲထိ မနေ့က ၆ နာရီကနေ ၈ နာရီခွဲထိ နမ့်ခမ်းမြို့နယ်မှာ ဖြစ်တယ်။ ဒီမနက်လည်း မနေ့ကဖြစ်တဲ့နေရာမှာ အစိုးရဘက်က လက်နက်ကြီးနဲ့ ပစ်တယ်။ ခုထိ ဖြစ်နေတုန်းပဲ။ အစိုးရ စစ်တပ်က ထိုးစစ်ဆင်လို့ပေါ့နော်”ဟု ၎င်းက ဇန်နဝါရီ ၂၆ရက် နေ့လည်က မဇ္စျိမကို ပြောသည်။

ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲချိန်တွင် နမ့်ခမ်းမြို့နယ် တာကွန့်နှင့် ပန်းဆေးကျေးရွာအကြားရှိ တအာင်းတပ်မတော် တပ်ရင်း ၁၁၂ တပ်စခန်းရှိရာသို့ အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သူက ပြောသည်။

အစိုးရ စစ်တပ် စစ်တပ်က အင်အား ဖြည့်တင်းနေဆဲ ဖြစ်ပြီး ပန်းဆေးဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်သည့် TNLA ကို အစိုးရ စစ်တပ်က တိုက်ခိုက်မှု ရှိနေဆဲဖြစ်၍ တိုက်ပွဲ အရှိန်မြင့်လာမည့် အနေအထား ရှိနေသည်ဟု သူက ဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်က တအာင်းတပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက  မူးဆယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပန်းဆေး တရုတ်ဘိန်းခြံများကို သွားရောက် ဖျက်ဆီးသဖြင့် အစိုးရ တပ်မ ၈၈ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။

KIA နှင့် TNLA တပ်တို့သည် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ(UPWC) နှင့်  အပစ်အခတ်ရပ်စဲခြင်း မရှိသေးသော်လည်း လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင်၍ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်။

ယင်းအပြင် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရန် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)ကို အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားများဘက်က ထိုနေ့တွင် မဖြစ်နိုင်သေးဘဲ ဆက်လက်ဆွေးနွေးမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ထိုလက်မှတ်ထိုးပွဲသို့ TNLA ကို ဖိတ်ကြားခြင်း မရှိသေးဟု မိုင်းအိုက်ကျော်က ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က KIA တပ်ရင်း ၂၊ ၃၆၊ ၂၈ နယ်မြေအတွင်း အစိုးရ စစ်တပ်များ အင်အားဖြည့်တင်းခဲ့သဖြင့် ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ ၁၅ရက် မှ ၂၂ ရက်ထိ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။