ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်

ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်
by -
မဇ္စျိမ

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေး ရန် လူထုလက်မှတ်များ ကောက်ခံသွားမည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောဆိုလိုက်သည်။

''ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု အားနည်းနေတာကို မြှင့်တင်ချင် တယ်။ ရွေးကောက်ပွဲက တရားမျှတဖို့ဆိုရင် ကော်မရှင်တွေက ဥပဒေနဲ့ ညီဖို့လိုပါတယ်။ ခုကော်မရှင်တွေက ဥပဒေနဲ့အညီ တရား မဝင်ဘူး။ ဒါကြောင့် ဥပဒေနဲ့အညီ ပြန်လည် ဖွဲ့စည်းပေးနိုင်အောင် ပြည်သူလူထု က လက်မှတ်ရေးထိုး တောင်းဆိုသွားဖို့ ဒီနေ့ကစပြီး လှုပ်ရှားမှု လုပ်ဆောင်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

Election-2015

ယင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် ဥပဒေပညာရှင် တစ်ဦးက ရွေးကောက်ပွဲကော်မရှင် ဥပဒေများနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောပြခြင်းနှင့် ရွေးကောက်ပွဲ ဥပဒေ ဆိုင်ရာ စာရွက်စာတမ်းများကို ဖြန့်ဝေခြင်း တို့ပြုလုပ်ပြီးမှ ပြည်သူ့လက်မှတ် ကောက်ခံသွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည်။ လူထု လက်မှတ်များကို ဒဂုံဆိပ်ကမ်းမြို့နယ်မှ စတင်ကောက်ခံ ခဲ့ပြီး အစဦးဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၂၅ ရက်တွင် ပြည်သူ့လက်မှတ် တစ်ရာကျော် ရရှိ ထားသည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ''အခုရွေးကောက်ပွဲ ဥပဒေက အသစ်ပြင်ထားတယ်။ ဒီတော့ ကော်မ ရှင်ကိုလည်း အသစ်ပြန်ဖွဲ့စည်းရမယ်လို့ ဆိုလိုတာလို့ ထင်ပါတယ်။ ဒါပေမဲ့ ဥပဒေသစ်မှာက လည်း ကော်မရှင် ကို ပြန်ဖွဲ့စည်းရမယ်လို့ မပါတော့ ရှိပြီးသားကော်မရှင်ကိုပဲ ဆက်ပြီး တာဝန်ပေးမယ်ဆိုလည်း ပေးနိုင်တယ်လို့ သက်ရောက်တဲ့ သဘောပေါ့။ ဟိုဘက် ဒီဘက် အငြင်းပွားစရာ ဖြစ်နေတာလို့ ထင်ပါတယ်'' ဟု သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က ''နိုင်ငံတကာမှာက ရွေးကောက်ပွဲကော်မရှင်ဆို တာ ရွေးကောက်ပွဲပြီးရင် အာဏာပြန်အပ်ပြီး ဖျက်သိမ်းလိုက်တယ်။ မြန်မာနိုင်ငံမှာက ရာသက်ပန်ဖြစ်နေတယ် ။ အာဏာပိုင်လိုမျိုး ဖြစ်နေတယ်။ ဒါကတော ့နိုင်ငံတကာနဲ့မညီဘူးပေါ့လေ။ ဒါတွေကို ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ မညီပါဘူးလို့ ပြန်ဆန်းစစ်တဲ့ကွန်ရက်တွေက ထောက်ပြ ပြောလာပြီဆိုရင်တော့ ပြန်ဆန်းစစ်် ကြည့်သင့်တယ်'' ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးကိုကိုအား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ''ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က အလုပ်နဲ့ပဲ သက်သေပြသွားမှာပါ။ ကော်မရှင်ကို ဥပဒေနဲ့မညီဘူး၊ မယုံကြည်ဘူးဆိုရင် လွှတ်တော်နဲ့ အစိုးရကို တိုက်ရိုက်တင်ပြပါ။ လွှတ်တော်နဲ့ အစိုးရက နုတ်ထွက်ခိုင်းရင် ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး နုတ်ထွက်သွားမယ်'' ဟု ဖြေကြားသည်။