နယ်စပ်မှ တရားမဝင် ဆေးနှင့် ဆေးတုများက ပြည်သူများအတွက် ခြိမ်းခြောက်မှုများ ရှိနေပြီး အက်ဖ်ဒီအေတွင် အဓိကတာဝန် ရှိဟုဆို

နယ်စပ်မှ တရားမဝင် ဆေးနှင့် ဆေးတုများက ပြည်သူများအတွက် ခြိမ်းခြောက်မှုများ ရှိနေပြီး အက်ဖ်ဒီအေတွင် အဓိကတာဝန် ရှိဟုဆို
by -
မဇ္စျိမ

 နယ်စပ်မှ တရားမဝင် ဆေးဝါးများ နှင့် ဆေးဝါးတုများ ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်မှုကြောင့် ပြည် သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုများ ရှိနေပြီး ထိန်းချုပ်ရန် နယ်စပ်ဂိတ်များမှ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အဖွဲ့များနှင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးက ဌာန၏ (FDA) တွင် တာဝန်ရှိနေသည်ဟု ဆေးကုန်သည်များက ပြောဆိုလိုက်သည်။

ယင်းဆေးဝါးများကို နယ်စပ်ဂိတ်များမှ ဝင်လာချိန်ကတည်းက မတားဆီးနိုင်ဘဲ တင်သွင်းခွင့် ရနေခြင်းကြောင့် စျေးကွက်အတွင်း ထိန်းချုပ်ရန် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းက တွဲဖက်အတွင်းရေးမှူး ဦးကျော်ဝင်း က မဇ္စျိမကို ပြောသည်။

Drug

ပြည်တွင်း စျေးကွက်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများသာမက ဆေးဝါးအတုများ လည်း ရောက်ရှိနေနိုင်ပြီး ဆေးဝါးအတုများကို ဆရာဝန်ကိုယ်တိုင်က စစ်ဆေးမှသာလျှင် သိနိုင်မည်ဖြစ်ကာ အချို့ဆေးဝါးများ ဆိုလျှင် ဆရာဝန်ပင် မသိနိုင်ဘဲ ရှိနေ၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး က ဌာန၏ (FDA) ၏ ဓာတ်ခွဲခန်းတွင် စစ်ဆေးမှသာ သိရှိနိုင်မည်ဟု ဆိုသည်။

ယင်းကြောင့် ကျန်းမာရေးကဏ္ဍတွင် အသုံးပြုနေသည့် အနောက်တိုင်းဆေးဝါးများနှင့် တရားမဝင် တင်သွင်းခြင်းနှင့် ဆေးဝါးတုများ စျေးကွက်အတွင်းပျံ့နှံ့နေခြင်းကို ထိန်းချုပ်ရန်မှာ မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကွက် ကွဲရေးဌာန(FDA)၏ အဓိကတာဝန်ပင် ဖြစ်သည်ဟု အနောက်တိုင်းနှင့် တိုင်းရင်းဆေးဝါးများ ရောင်းချပေးနေသည့် ဆိုင်ရှင်တစ်ချို့ကလည်း ပြောဆိုလိုက်သည်။

ဗဟန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်ရှင်တစ်ဦးက "ဆေးတွေ နယ်စပ်က ဝင်တယ်ဆိုရင် အဲ့ဒီဆေးတွေမှာ အာနိသင်ရှိ၊ မရှိ၊ သွင်းတဲ့ ကုမ္ပဏီ၊ ပြန် ဖြန့်ဖြူးရောင်းချမယ့် ဆေးဆိုင်ကတော့ ဒါတွေကို သေချာစိစစ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကို ကြီးကြပ်သူဖြစ်တဲ့ FDA က လူတွေ အန္တရယ်မဖြစ်စေဖို့ အမြဲစစ်ဆေးမှာ သူ့အလုပ်ပါပဲ။ ဆေးအတုတွေလား ဆိုတာကိုလည်း စစ်ဆေးပေးနေရပါမယ်’’ ဟု မဇ္စျိမကို ပြောသည်။

အရည်သွေး မမှီသည့် ဆေးဝါးအတုများ၊ သက်တန်းလွန် ဆေးဝါးများကို သောက်သုံးမိပါက ကျောက်ကပ်ရော ဂါ၊ အသည်းရောဂါ၊ ဆေးယဉ်ပါးမှု၊ နာတာရှည် ရောဂါဖြစ်မှုများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေး ပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက မဇ္စျိမကို ပြောသည်။

တရားမဝင် ဆေးဝါးများနှင့် ဆေးဝါးတုများကြောင့် သုံးစွဲသူ အများပြည်သူအတွက် အန္တရယ် မဖြစ်ပွားနိုင်စေရန် FDAက စစ်ဆေးမှုများ အဆက်မပြတ် လုပ်ဆောင်သင့်ပြီး အများပြည်သူများ သောက်ဆေးများ နှင့် ပတ်သက်ပြီး လွဲမှားစွာ မသုံးစွဲမိရန်လည်း အနောက်တိုင်း ဆေးညွှန်းများ ကို မြန်မာဘာသာဖြင့် ဖြန့်ဖြူရောင်း ချနိုင်ရန် မူဝါဒ ချမှတ်သင့်သည်ဟုလည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ထောက်ပြပြောဆိုသည်။

၎င်းက "ထိုင်းမှာဆိုရင် သူတို့နိုင်ငံကို ဝင်လာတဲ့ ဆေးတွေကို ထိုင်းစာနဲ့ ဆေးညွှန်းထုတ်ပေးပြီးမှ ဖြန့်ဖြူးတဲ့ အတွက် သူတို့လူတွေက ဆေးဝယ်ယူတဲ့အခါမှာ ဘယ်ဆေးက ဘာအတွက် ဆိုတာမျိုးကို နားလည်တယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ ဘယ်လောက် ဖတ်တက်တဲ့သူတွေများလဲ ဆိုတာ စဉ်းစားဖို့လိုတယ်။ နောက်ပြီး ပြည်သူတွေကို ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရမှာက အစိုးရရဲ့တာဝန်ပါ။ ဒီလိုထိရောက်ဖို့ ဒေသန္တရဆေးပေးခန်းတွေ မြို့နယ်တိုင်းရှိတယ်။ ဒါတွေ  အလုပ်ဖြစ်နေဖို့ အရေးကြီးတယ်’’ဟု ပြောသည်။

တရားမဝင် မှောင်ခိုစျေးကွက်မှ တင်သွင်းသည့် ဆေးဝါများအတွက် အခွန်အခ ပေးဆောင်ရခြင်း မရှိသည့်အပြင် လမ်းခရီးတစ်လျှောက် သယ်ဆောင်လာရာ၌ ပေးဆောင်ရမည့် သတ်မှတ်နှုန်းထားများလည်း သက်သာခြင်း၊ မှတ်ပုံတင်ရသည့် စရိတ် သက်သာခြင်းတို့ကြောင့် တရားဝင် ဆေးဝါးများနှင့် နှိုင်းယှဉ်ပါ က စျေးနှုန်း ကွာဟမှု ရှိနေ၍ စျေးကွက်အတွင်း ယှဉ်ပြိုင်ရန်လည်း အခက်အခဲရှိသည်ဟု ဒေါက်တာ ဝင်းစည်သူက ပြောသည်။

"ကျွန်တော်တို့က အသင်းဝင်တွေကို လစဉ် တရားဝင်ဆေးများကိုသာ ရောင်းချဖို့အတွက် အသင်းအနေ နဲ့ ဟောပြောပွဲတွေတော့ လုပ်တယ်။ ရောင်းခဲ့ရင်တော့ အရေးယူမှု အပိုင်းက အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် FDA လို အဖွဲ့အစည်းတွေက အရေးယူပါလိမ့်မယ်"ဟု ဒေါက်တာ ဝင်းစည်သူက ပြောသည်။

နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်သည့် ဆေးဝါးများသည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများက အများဆုံးဝင်သည်ဟုလည်း အသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။ သို့သော် ဆေးဝါးအတုများကိုမူ တရုတ်နိုင်ငံမှ အများဆုံးဝင်သည်ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ပြည်ပမှ တရားမဝင် ဆေးဝါးများကြောင့် အန္တရယ်များ၊ စိန်ခေါ်မှုများ ကြံုတွေ့နေရသော် လည်း ပြည်တွင်း၌မူ ဆေးဝါးလိုအပ်မှု၏ ၁၅ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်သေးသဖြင့် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးများကို အားကိုးနေရဆဲ ဖြစ်သည်။

ထို့အပြင် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာ ၁၅ ရာခိုင်နှုန်းသာရရှိနေပြီး ဆေးနှင့် ဆေး ပစ္စည်းကိရိယာ ရရှိမှုမှာလည်း လိုအပ်ချက်၏ ၅ရာခိုင်နှုန်းသာ ရရှိနေသည်။

"ကျန်မာရေးစောင့်ရှောက်မှု၊ ဆေးဝါး အနည်းဆုံး ၈၅ ရာခိုင်နှုန်း လိုအပ်ချက်ရှိတယ်။ ဆေးနဲ့ စပ်ဆက်ပစ္စည်း ကိရိယာက စမ်းသပ်မှုပစ္စည်းက ၉၅ရာခိုင်နှုန်းလောက် လိုအပ်နေတယ်။"ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဒေါက်တာ ဝင်းစည်သူကပြောသည်။

လက်ရှိတွင် ပြည်သူတစ်ဦးစီအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဘက်ဂျက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ (ကျပ် တစ်သောင်း နှစ်ထောင်ဝန်းကျင်)ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့်က ၂၀၁၄ ခုနှစ် နိုဝင်ဘာလက လွှတ်တော်တွင် ပြောထားဖူးသည်။ သို့သော် စိတ်ကျေနပ်ဖွယ်ကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက်မူ တစ်ဦးလျှင် ကန်ဒေါ်လာ ၃၀မှ ၄၅ ဒေါ်လာ ရှိသင့်သည်ဟု WHOက အကြံပြုထားသည်ဟုလည်း ၎င်းက ဆိုသည်။ ယင်းနှုန်းထားသည် ပင်လျှင် အာဆီယံ နိုင်ငံများနှင့် ယှဉ်လျှင် အနိမ့်ဆုံးဖြစ်နေသည်။ အာဆီယံ နိုင်ငံများအတွင်း တစ်ဦးချင်းစီအတွက် တစ်နှစ်လျှင် ကျန်းမာရေးအသုံးစရိတ် အမြင့်ဆုံး သုံးစွဲသည့် နိုင်ငံသည် စင်ကာပူ ဖြစ်ပြီး ကန်ဒေါ်လာ ၂၈၈၁ ဖြစ်ကာ၊ ဘရူနိုင်းက ၁၂၁၇ဖြင့် ဒုတိယ အများဆုံးဖြစ်သည် မြန်မာနိုင်ငံအရှေ့တွင် လာအိုနိုင်ငံက ကန်ဒေါ်လာ ၈၄ သုံးစွဲလျှက်ရှိသည်ဟု WHO က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၂၀၁၄-၁၅ ဘဏ္ဍနှစ်အတွက် ကျန်းမာရေးဘက်ဂျက်မှာ ဘီလီယံ ၆၅၂ ကျပ် ရှိပြီး အစိုးရ ဘက်ဂျက်၏ ၃ ဒသမ ၈၄ ရာခိုင်နှုန်းရှိသည်။