သပိတ်မှောက် ကျောင်းသားများ စစ်ကြောင်းထွက်လာသည့် လေးရက်အတွင်း အလှူငွေ သိန်း ၂၀ ကျော်ရ

သပိတ်မှောက် ကျောင်းသားများ စစ်ကြောင်းထွက်လာသည့် လေးရက်အတွင်း အလှူငွေ သိန်း ၂၀ ကျော်ရ
by -
မဇ္စျိမ

 အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကာ ဆန္ဒပြနေသည့် ကျောင်းသားသမဂ္ဂများ၏ ရက် ၆၀အလွန် လှုပ်ရှားမှု မန္တလေးမှ ထွက်လာသည့် စစ်ကြောင်း စထုတ္ထနေ့အထိ လေးရက်အတွင်း ပြည်တွင်းပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေ သိန်း ၂၀ ကျော် လက်ခံရရှိခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဘဏ္ဍရေးမှူး ကိုအောင်နေပိုင်က မဇ္စျိမကို ပြောသည်။

"ဒီလေးရက်အတွင်း သိန်း၂၀ ကျော်လောက် ပြည်တွင်းကရော ပြည်ပက အလှူရှင်တွေက လှူကြတယ်။ အထွေထွေကုန်ကျစရိတ်က ၂ သိန်းလောက်တော့ရှိတယ်" ဟု ၎င်းက ဆိုသည်။

သပိတ်မှောက် ကျောင်းသားများ သွားရာ လမ်းတစ်လျှောက်တွင် စောင်၊ ဖိနပ်၊ ဆေးဖိုဝါးခများနှင့် အထွေထွေကုန်ကျစရိတ် ၂ သိန်းခန့် သုံးစွဲခဲ့ရသည်ဟု ပြောသည်။

သပိတ်မှောက်ကျောင်းသားများသည် ဇန်နဝါရီ ၂၃ ရက် ညတွင် မန္တလေး အမြန်လမ်း မိုင် ၃၆၅ အနီးရှိ နွားထိုးကြီးမြို့အနီး ပြင်စည်ရွာရှိ ဘုန်းကြီးကျောင်းတွင် တည်ခို်း၍ ဇန်နဝါရီ ၂၄ ရက်တွင် မြင်ခြံသို့ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်သွားမည် ဖြစ်သည်။

၎င်းတို့က မန္တလေး- ကျောက်ဆည်- မြင်းခြံ- ပခုက္ကူ-မကွေး-ပြည် မြို့ကြီး ငါးခုကို ချီတက်၍ ရန်ကုန်မြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်လှုပ်ရှားမှုကို ထိုင်သပိတ် ဆင်နွဲသွားမည်ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကလေးမြို့မှ တက္ကသိုလ် ကျောင်းသား သမဂ္ဂများကလည်း ဇန်နဝါရီ ၂၃ ရက်တွင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာလာပြီဖြစ်သည်။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများကို ရန်ကုန်မြို့တွင် ၂၀၁၄ နိုဝင်ဘာလ က ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၇ရက်တွင် ဆန္ဒပြမှုများကို ရပ်နားကာ အစိုးရအနေဖြင့် ရက်ပေါင်း ၆၀ အတွင် လာရာက်ညှိနှိုင်း ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ သို့သော် ယနေ့အချိန်ထိ ညှိနှိုင်းမှု မရှိ၍ ရက်ပေါင်း ၆၀ အလွန် လှုပ်ရှားမှုကို ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေကို ပြန်လည်စဉ်းစားသုံးသပ်ရန် သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားသည်။

Most read this week