တပ်မတော်အတွင်းမှ ကလေးစစ်သား ရ၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း နုတ်ထွက်ခွင့်ပြုခဲ့ဟု ဆို

တပ်မတော်အတွင်းမှ ကလေးစစ်သား ရ၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း နုတ်ထွက်ခွင့်ပြုခဲ့ဟု ဆို
by -
မဇ္စျိမ

တပ်မတော်တွင်း ရောက်ရှိနေသော ကလေးစစ်သား အရေအတွက်၏ ရ၀ ရာခိုင်နှုန်းကျော်ကို တစ်နှစ်အတွင်း နုတ်ထွက်ခွင့်ပြုပြီး ဖြစ်ကြောင်း ကလေးစစ်သား ပပျောက်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် နေသည့် ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၄ ဇန်နဝါရီလမှ ၂၀၁၅ ဇန်ဝါရီလ အထိ တစ်နှစ်အတွင်း ကလေးစစ်သား လေးရာတစ်ဆယ့်ရှစ်ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ၎င်းအရေအတွက်သည် တပ်မတော်အတွင်းရှိ ကလေးစစ်သား အရေအတွက်၏ ခုနှစ်ဆယ် ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။

“ကလေးသူငယ်များအား တစ်နှစ်အတွင်း စံချိန်တင်နှုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မြန်မာအစိုးရနှင့် တပ်မတော်တို့၏ ကလေးသူငယ်များအား လက်နက်ကိုင်အဖွဲ့အစည်းများတွင် ခေါ်ယူစုဆောင်းခြင်း အသုံးပြုမှုကို အဆုံးသတ်ရန် အလို့ငှာ အရှိန်အဟုန်မြှင့် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပါသည်” ဟု ကလေးသူငယ်များကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူး တာဝန်အဖွဲ့(CTFMR)၏ ပူးတွဲဥက္ကဌ ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien ကပြောသည်။

အစိုးရနှင့် ယူနီဆက်ဖ်တို့၏ ကလေးစစ်သား ပပျောက်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးတွင် အရွယ်မရောက်သေးသော ကလေးများအား စစ်သားအဖြစ် စုဆောင်းခြင်းမှ ကာကွယ်ရန်၊ ကလေးစစ်သား စုဆောင်းမှုကို စောင့်ကြည့်လေ့လာခြင်းများတွင် ပိုမိုတင်းကြပ်စွာ လုပ်ဆောင်ရန်၊အရပ်ဘက် စစ်ဖက် နှစ်ခုလုံးတွင် အရွယ်မရောက်သေးသူ ကလေးငယ်များအား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခြင်း လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် ဆွေးနွေးနိုင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ အနေဖြင့် ကလေးစစ်သားစုဆောင်းမှုနှင့် စပ်လျဉ်းပြီး တပ်မတော်မှ တာဝန်ရှိသူ ၂၆၀ ကျော်ကို အရေးယူထားပြီး ဖြစ်သည်ဟုလည်း ၂၀၁၄ သြဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။

ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့က ပူပေါင်းပါဝင်လျက်ရှိပြီး တပ်မတော်မှ ထွက်ခွင့်ရသော ကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့က ပံ့ပိုးပေးလျှက်ရှိသည် ဟု ဆိုသည်။

တပ်မတော်မှ ထွက်ခွင့်ရသော ကလေးသူငယ်များကို ပညာဆက်လက်သင်ကြားခွင့်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း တို့ကို ပံ့ပိုးမည်ဟု ယူနီဆက်ဖ်က သတင်းထုတ်ပြန်ထားသည်။