ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည်ဟု ဖြည့်စွက်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပယ်ချလိုက်သည်။
ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့ အစီအစဉ်ကျင်းပသည့် ရက်တွင် ဥပဒေကြမ်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူများသည် နိုင်ငံသားများဟု သတ်မှတ်ခြင်း ခံရပြီးသူများ မဟုတ်ပါ၍ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်အတိုင်းဆက်လက် ပြဋ္ဌာန်းသင့်ကြောင်း မှတ်ချက်ပြုထားသည်။
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း အပိုဒ် ၁၁၊ အပိုဒ်ခွဲ(က) တွင်'' ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည်''ဟု သဘောထား မှတ်ချက်ပြုထားသည်။
ပြည်ထောင်စုလွှတ်တော်ကမူ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံ သားပြုခွင့်ရသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲတွင် မဲပေးပိုင်ခွင့် ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်သူ ရှိတိုင်းကိုမဲစာရင်းတွင် ထည့်သွင်းရမည်ဟု သဘောထားမှတ်ချက် ပြုထားသည်။