မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို ဆရာတော် ဦးဝီရသူက အများပြည်သူရှေ့တွင် ရင့်သီးသည့်အသုံးအနှုန်းများ သုံးနှုန်းလျက် ဝေဖန် ပြောဆိုမှု အပေါ် မြန်မာနိုင်ငံအစိုးရ အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်လုပ်ဆောင်မည်ကို စောင့်ကြည့် နေသည် ဟု ဝေဖန်ပုတ်ခတ်ပြောဆိုခံရသူ မစ္စယန်ဟီလီက ပြောသည်။
ဇန်နဝါရီ ၂၂ ရက်က ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီလီက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းသည်။
ဇန်နဝါရီလ ၁၆ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သော သံဃာနှင့် လူထု နှစ်ထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲတွင် မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို ရည်ညွှန်းကာ 'ကောင်မ' ဟု သုံးနှုန်းခဲ့သကဲ့သို့ 'ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက် တော့ -ာသည်မပဲ' ဟု စသဖြင့် ပြောဆိုခဲ့ သည်။
လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများ၊ တောင်းဆိုသူများ အထူးသဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြောဆိုမှုများသည် ကမ္ဘာမှာ ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုဖြစ်ရပ်မျိုး ရှိနိုင်သဖြင့် ခြွင်းချက်အဖြစ် ယူဆ၍ မဖြစ်နိုင်ပါကြောင်း မစ္စယန်ဟီလီက ပြောသည်။
ကုလသမဂ္ဂညီလာခံသို့ ၂၀၁၅ ဧပြီလတွင် တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတွင် ရခိုင်လူမျိုးများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ၊ လုပ်ဆောင်ရန် လိုအပ်ချက်များကို ထည့်သွင်းရေးသားမည် ဟု ၎င်းက ပြောသည်။
ဆရာတော်ဦးဝီရသူ၏ ကုလကိုယ်စားလှယ်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုမှုများ အပါအဝင် အမုန်းတရားပွားအောင် လှုံ့ဆော်ပြောဆိုမှုများအပေါ် မြန်မာနိုင်ငံမှ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင် များအနေဖြင့် ထိထိရောက်ရောက် ပြစ်တင် ရှုတ်ချရန် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်တောင်းဆိုထားသည်။
"လူတောင် အဲ့လိုမပြောရဘူး။ ရဟန်းတစ်ပါးဟာဆိုရင် ကာယကံ၊ ဝစီကံ၊ မနောကံကို သီလနဲ့ စောင့်ရှောက် ခြံရံနေတာကို သံဃာလို့ခေါ်တယ်။ ဒါကိုမှ မထိန်းနိုင်ရင်တော့ ရဟန်းလို့ မခေါ်ဘူး။ လူရဲ့နှုတ်ကတောင် မပြောသင့်တာကို ထင်ရှားတဲ့ရဟန်းက ဖြစ်နေတော့ မသင့်လျော်ဘူး'' ဟု ရွှေညဝါဆရာတော် အရှင်ပညာသီဟက မိန့်ကြားသည်။
သိမ်မွေ့သောဗုဒ္ဓဘာသာ၏ ဘာသာဝင်တစ်ယောက်အနေဖြင့် ယခုကဲ့သို့ မပြောဆိုသင့်ဟု အစ္စလာမ်ဓမ္မဗိ မာန်တော် ဆော်သြရေးမှူး ဟာဂျီဦးအေးလွင်က ပြောသည်။
ဦးဝီရသူ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး မြန်မာအစိုးရအပါအဝင် သံဃဥသျှောင်ဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေးဝန်ကြီးဌာနတို့သည် ရက်သတ္တပတ်တစ်ပတ် ကြာချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်၊ ဖြေရှင်းမှု မရှိသေးပေ။