ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများ နှင့် သက်ဆိုင်ရာ သံရုံးများ အဆကအသွယ်မရ၍ ပြည်တွင်း ပြန်ခေါ်ရေး ခက်ခဲနေ

ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများ နှင့် သက်ဆိုင်ရာ သံရုံးများ အဆကအသွယ်မရ၍ ပြည်တွင်း ပြန်ခေါ်ရေး ခက်ခဲနေ
by -
မဇ္စျိမ

 ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံရသူများသည် သက်ဆိုင်ရာ သံရုံးများနှင့် အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ် မရခြင်းကြောင့် လူကုန်ကူးခံရသူအရေး အတွက်ကို သိရှိရန်နှင့် ပြန်လည်ခေါ်ယူရန် အခက်အခဲဖြစ်လျက်ရှိသည်ဟု ရန်ကုန်တိုင်း၊ လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းရေး အဖွဲ့မှ ရဲမှူး ရိုလင်းက မဇ္စျိမကို ပြောသည်။

"သူတို့ အဓိက ဆက်သွယ်ရမယ့် မြန်မာသံရုံးနှင့် အဆက်အသွယ် အကြောင်းအမျိုးမျိုးမရတာရယ်၊ အဆက်အသွယ်ရတော့လည်း မြန်မာပြည် ပြန်ပို့ခံရမှာ ကြောက်တာတွေရှိတယ်၊ အဲတော့ တခြားနိုင်ငံမှာ လူကုန်ကူးခံရတဲ့သူတွေက ရှိနေတယ် ဒါပေမယ့် ခေါ်ယူဖို့ခက်နေတယ်" ဟု ရဲမှူး ရိုလင်းက ပြောသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလ အတွင်းကပင် အင်ဒိုနီးရှားနှင့် အန္ဒိယ နိုင်ငံများသို့ ရေပိုင်နက် ကျူးကျော်ဝင်ရောက်ရာမှ အဖမ်းခံရသည့် ရေလုပ်သားများကို အဆိုပါနိုင်ငံများရှိ နိုင်ငံတကာ ရွှေ့ပြောင်းသွား လာရေးအဖွဲ့ နှင့် မြန်မာနိုင်ငံသံရုံး၊ လူဝန်မှုကြီးကြပ်ရေးဌာနများက စိစစ်ကာ ပြန်လည်ခေါ်ယူခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၅ ဇန်နဝါရီလ အထိကို လူကုန်းကူးမှု တားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့မှ အင်ဒိုးနီးရှားနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား အမျိုးသား ၂၇၇ ဦးကို ပြန်လည်လက်ခံခဲ့ပြီး အန္ဒိယနိုင်ငံမှ မြန်မာရေလုပ်သား ၃၉၆ဦးကိုမူ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ပြန် လည်ခေါ်ဆောင်နိုင် မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသို့ လူကုန်ကူးခံရကာ ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီတိုင်းမှ ကိုသက်က "ကျွန်တော်တို့  ငါးဖမ်းသဘောင်္ ကမ်းကပ်ရင် အဲဒီကမ်းမှာ သဘောင်္ အစီး ၅၀လောက် ကမ်းကပ်တော့ မြန်မာလူမျိုးတွေ အများကြီးပဲ။ လူကုန်ကူးခံထားရတာ တွေ့ကြတယ်။ တချို့တွေက စကားနားမလည်တော့ သဘောင်္ပေါ်မှာ စကားများပြီး သေနက်နဲ့ ပစ်သတ်ခံရတာ ကျွန်တော်မျက်စိ ရှေ့မှာတင် ၂ယောက်လောက် တွေ့ဖူးတယ်"ဟု မဇ္စျိမကို ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး၂၀၁၃ခုနှစ်က ၁၀၃မှု ဖြစ်ပွားခဲ့သည်။ လူကုန်ကူးခံရမှုတွင် အဓမ္မလက်ထက်ရန် လူကုန်ကူးခံရမှုမှာ ရ၂ မှုရှိခဲ့ပြီး ထိုအမှုမှာ အများဆုံးဖြစ်သည်။ ၂၀၁၃ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၇မှု တိုးလာခဲ့သည်။ ယင်းအပြင် လူကုန်ကူး ခံရမှုများမှာ ရှမ်းပြည်နယ်တွင် အများဆုံဖြစ်ပြီး ကယားပြည်နယ် နှင့် ချင်းပြည်နယ်က အနည်းဆုံးဖြစ်သည်။ ၎င်းပြည်နယ်များသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ လူကုန်ကူးခံရမှုများ မရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ နှစ်ချုပ်စာရင်းဇယားအရ သိရသည်။

Most read this week