ဝန်ကြီးဌာနက ယူရေနီယံဟု အတည်ပြုခဲ့ကြောင်း ဦးတေဇ ဆိုသော်လည်း တကယ်ပေးပို့ခဲ့ခြင်း မရှိဟုဆို

ဝန်ကြီးဌာနက ယူရေနီယံဟု အတည်ပြုခဲ့ကြောင်း ဦးတေဇ ဆိုသော်လည်း တကယ်ပေးပို့ခဲ့ခြင်း မရှိဟုဆို
by -
မဇ္စျိမ

 မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၃၅ မိုင်အကွာတွင် တူးဖော်တွေ့ရှိခဲ့သည့် ကျောက်တုံးများကို ဝန်ကြီးဌာနများသို့ ပေးပို့ စစ်ဆေးရာတွင် ယူရေနီယံဟုအတည်ပြုခဲ့သည်ဟု နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်၊ ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇက ဆိုသော်လည်း အမှန်တကယ်တွင်မူ ဝန်ကြီးဌာများသို့ ပေးပို့စစ် ဆေးခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

အဆိုပါ ကျောက်တုံးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် သတ္တုတွင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ကို ပေးပို့စမ်းသပ်ခဲ့ခြင်း မရှိကြောင်းကို သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ''ကျွန်တော်တို့ဆီကိုမပို့ပါဘူး။ဥပဒေအရဆိုရင် သတ္တုတွင်းကို အကြောင်းကြားရမယ်။ အခုက လုပ်နည်းလွဲနေပါတယ်။ ကယ်ပါဝင်တဲ့ ပမာဏကိုလည်း အလွယ်သယ်ယူသုံးနိုင်တဲ့ စက်မျိုးနဲ့ တိုင်းလို့ မရပါဘူး။ ဒီကိုရောက်တယ်ဆိုရင် တရားဝင် ကြေညာမှာပေါ့'' ဟု မဇ္ဈိမကို ပြောသည်။

ယူရေနီယံ သတ္တုဓာတ်ပါဝင်သည့် ကျောက်တုံးများကို ရတနာကျောက် ရောင်းဝယ်ရေးက နီလာထွက်သည်ဟု ယူဆကာ တူးဖော်သည့် နေရာမှ တူးဖော်ရရှိကာ ကျောက်တုံး တစ်ပိဿာကို ငွေကျပ်၂ဝဝ ဖြင့် ရောင်းချရာမှ တစ်ဆင့်ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇထံသို့ ပါရှိလာခြင်း ဖြစ်သည်။

ယင်းကျောက်တုံးများကို အလွယ်သယ်ယူအသုံးပြုနိုင်သည့် သတ္တုပါဝင်မှုတိုင်းကိရိယာဖြင့် တိုင်းတာကာယူရေနီယံပါဝင်သည်ဟု ယူဆပြီးသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ ဓာတ်ခွဲခန်းသို့ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဦးတေဇက ဇန်နဝါရီ ၁၉ ရက်က ၎င်းက နေအိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

''ဓာတ်ခွဲခန်းကို ပေးခဲ့တယ်။ သူတို့စမ်းတဲ့ အဖြေနဲ့ ကျွန်တော်တို့ တွေ့တာအတူတူပဲလို့ပြောတယ်။ ရလဒ်ကိုတော့ ပါးစပ်ကပဲ ပြောတာ'' ဟု ဦးတေဇက မဇ္ဈိမ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ယူရေနီယံပါဝင်သည်ဟု ယူဆရသည့် ကျောက်တုံးသုံးပိဿာကျော်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်ဟု ဆိုသော်လည်း ပေးပို့ခဲ့သည့်ရက်နှင့် ဌာနတို့ကို မဇ္ဈိမကို အတိအကျပြန်လည် ဖြေကြားနိုင်ခြင်း မရှိပေ။

အဏုမြူစွမ်းအင် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်မောင်လတ်က ''ကျွန်တော်တို့ဆီကို အခုထိဘာမှ မရောက်ပါဘူး။သတင်းတွေမှာ ပဲဖတ်ရပါတယ်။ ပြောချင်တာ ပြောတာနေမှာပါ။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ကတော့ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာမှာ စီးပွားဖြစ်ထုတ်နိုင်တဲ့ အခြေအနေမ တွေ့နိုင်ပါဘူး'' ဟု မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၂ဝ ရက်ထုတ် သတင်းစာအချို့တွင် ယူရေနီယံအမြောက်အမြား ထုတ်လုပ်နိုင်သည့်နေရာကို တွေ့ရှိရသည်ဟု ဖော်ပြပါရှိမှသာ မိမိတို့ကသိရှိရခြင်း ဖြစ်ပြီး ယူရေနီယံပါဝင်မှုကို မည်သည့် ဒြပ်စင်များအတွင်းတွင်မဆို တွေ့ရှိနိုင်ပြီးဦး တေဇတို့တွေ့ရှိသည်ဟု ဆိုသည့် ပစ္စည်းများကိုသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ဇန်နဝါရီ ၂၁ ရက်ထိတိုင် လာရောက်ပို့ဆောင်ခြင်း မရှိပေ။

ဦးတေဇက ယူရေနီယံပါသည်ဟု ယူဆထားသည့် ကျောက်တုံးများအကြောင်း ထပ်မံမေးမြန်းရန်ထူး ဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်နှင့် ဦးကျော်သူဦးတို့ကို မဇ္ဈိမကတယ်လီဖုန်း ဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။

Most read this week