အပစ်ရပ်များ အကြား နားယောင်စေရန် စစ်အစိုးရ သပ်လျှိုစည်းရုံး

အပစ်ရပ်များ အကြား နားယောင်စေရန် စစ်အစိုးရ သပ်လျှိုစည်းရုံး
ဧပြီလနှောင်းပိုင်းမှစ၍ ဂျွန်လဆန်းပိုင်းအထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဗိုလ်သန်းရွှေ၏ သံတမန် ဗိုလ်ရဲမြင့် က အပစ်ရပ်ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံစည်းရုံးဖြောင်းဖျစဉ် အပစ်ရပ်အဖွဲ့ အချင်းချင်းနားလည်မှု လွဲစေရန် ...

ဧပြီလနှောင်းပိုင်းမှစ၍ ဂျွန်လဆန်းပိုင်းအထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဗိုလ်သန်းရွှေ၏ သံတမန် ဗိုလ်ရဲမြင့် က အပစ်ရပ်ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံစည်းရုံးဖြောင်းဖျစဉ် အပစ်ရပ်အဖွဲ့ အချင်းချင်းနားလည်မှု လွဲစေရန်လည်း လံကြုပ်ပရိယာယ်များ သုံးခဲ့သည်ဟု အပစ်ရပ် SSA (မြောက်ပိုင်း) တပ်ဖွဲ့နှင့်ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

သျှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) ခေါင်းဆောင်များအား လားရှိုး ရမခ တိုင်းရုံး၌ ခေါ်တွေ့စဉ်နယ်ခြားစောင့် တပ် ကိစ္စကို မိုင်းလားခေါင်းဆောင်များလက်ခံဖို့ သဘောတူထားကြောင်းပြောပြသကဲ့သို့မိုင်းလားသို့ရောက်သွား စဉ်ကလည်း SSA-N က အကောင်းမြင်ထောက်ခံထားကြောင်း တစ်စိတ်ကိုတအိတ်လုပ်ခဲ့သည်ဟု - မြောက်ပိုင်း သျှမ်းအပစ်ရပ်ခေါင်း ဆောင် တဦးပြောပြချက်အရ အဆိုပါဆိုစ့်က ဆို၏။

မြောက်ပိုင်းသျှမ်းအပစ်ရပ်အဖွဲ့လည်း မိုင်းလားအဖွဲ့နည်းတူ   ဂျွန် ၁၀ နှင့် ၁၁ ရက်များ၌ တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း (ကျေးသီးမြို့နယ်)၌လည်းကောင်း၊ ၁၃ နှင့် ၁၄ ရက်က တပ်မဟာ ရ ဌာနချုပ် ကာလိ (ကွန်ဟိန်းမြို့နယ်) ၌ လည်းကောင်း တပ်အသွင်ပြောင်းရေးကိစ္စလက်ခံ/မခံ စစ်ကြောင်းမှူး၊ တပ်မဟာမှူး၊ တပ်မှူး နှင့် ဌာနအကြီး အကဲများ အား အစည်းအဝေး ခေါ်ယူရှင်းလင်းပြီး ဆန္ဒကောက်ယူခဲ့ကြောင်း သိရသည်။

မိုင်းလားအဖွဲ့ဒေသအသီးသီး တွင်လည်း ၂ ရက်မှ ၆ ရက်နေ့အထိ ကေဒါတပ်သားထုနှင့် လူထုအကြား ဆန္ဒမေးမြန်း ခဲ့ပြီး ၉၅ % က လက်မခံကြောင်း ပြောပါသည်။

“ကျနော်တို့ လက်နက်ကိုင်လာတာ အမျိုးဘာသာအတွက်၊ တန်းတူအခွင့်အရေးရဖို့ တော်လှန်ရေးလုပ်ခဲ့တာဘဲ။ အကြောင်း အမျိုးမျိုးကြောင့်သာ အပစ်ရပ်ခဲ့ရတာ။ အသွင်ပြောင်းဖို့လက်ခံ/မခံ မေးနေစရာတောင်မလိုဘူး” - ဟု SSA အပစ်ရပ်အဖွဲ့အရာရှိ တစ်ယောက်ကပြောပါသည်။
ဂျွန် ၃ ရက်၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖေါ်ဆောင်မှုကော်မတီ အကြီးအကဲ/ စရဖ ချုပ် ဗိုလ်ရဲဲမြင့် - အပစ်ရပ် SSA ဥက္ကဌ စဝ်လွယ်မောဝ်၊ ဒုဥက္ကဌ စဝ်ကိုင်ဖ တို့နှင့် လားရှိုး၌ တွေ့စဉ် SSA ခေါင်းဆောင်များက -“ကျနော် တို့ အောက်ခြေအရာရှိတွေ အသွင်ပြောင်းဖို့ နားမလည်သဘောမတူချင်ကြသေးတဲ့အတွက်အချိန်ယူသိမ်း သွင်း ဖြောင်းဖျ ရဦးမယ်။ ဒီကိစ္စကို ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းပြီးမှသာပြန်လည်ဆွေးနွေးစေချင် ပါတယ်” - ဟု ပြောဆို ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရေးလေ့လာသူတဦးက- “စစ်အစိုးရပြောစကားအရ အပစ်ရပ်တွေဂျွန်လကုန်မှာသက်တမ်းဆုံးပြီလို့ ပြောထား တဲ့အတွက် အင်မတန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ တဘက်ထဲကိုနားမထောင်ဘဲ အဘက်ဘက်သတင်း မှန်ရဖို့ သတိကြီး ထား နားစွင့်နေရမှာဖြစ်တယ်။ နို့မို့ရင် စစ်အစိုးရရဲ့မုသားကျော့ကွင်းထဲ လုံးလုံးကျရောက်သွားမယ်” - ဟုဆို၏။

“အခုချိန်ကစပြီး နောက်လ လလယ်ပိုင်းအထိ သံလွင်အရှေ့ခြမ်းမှာ စစ်အင်အားတိုးချမယ်” ဟု ကျိုင်းတုံ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက စစ်တိုင်းရုံးအစည်းအဝေး၌ ပြောကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကဆိုသည်။

ဂျွန်လလယ်ပိုင်းမှစ၍ သံလွင်အရှေ့ခြမ်း ၀ တောင်ပိုင်းတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ဘွယ်ရှိမည့် ဒေသတဝိုက်တွင် အနည်း ဆုံးဗျူဟာ ၂ ခု ထပ်မံတိုးချသွားမည်ဖြစ်ကြောင်း၊ ထို့အတူကျိုင်းတုံအရှေ့မြောက်ဘက် ၀ ထိန်းချုပ်သည့် နယ်ခြား တလျှောက် တွင်လည်း အင်အားထပ်ဖြည့်သွားမည် ဖြစ်ကြောင်းဆိုသည်။

“မိုင်းဆတ်မြို့ အရှေ့တောင်ဘက် နမ့်ကုတ်ချောင်း ပိန်းခမ်းဘက်မှာ ဗျူဟာတခုလာထားမယ်ဆိုတော့ အနည်းဆုံး တပ်ရင်း ၃ ခု ပါလာမှာဘဲ၊ နောက်ပြီး မိုင်းတုံမြို့နယ် နားကောင်းမူးဘက်မှာလဲ ဗျူဟာ ၂ ခု ဆိုတော့ တိုးလာမယ့် တပ်ရင်းတွေ ကလောအခြေစိုက် တပ်မ ၅၅ က ဖြစ်မယ်လို့ဆိုတယ်။ အဓိက ၀ ကို ခြိမ်းခြောက်ဖို့၊ နည်းဗျူဟာသစ်နဲ့ ပြောင်းလဲဆက် ဆံဖို့ဘဲဖြစ်နိုင်တယ်” - ဟု အဆိုပါဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် ၀ တပ်ဖွဲ့ နှင့် အခြားအပစ်ရပ်တို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော ကြောင့် ယခုကဲ့သို့ မုန့်ပြတုတ်ပြ အစီအစဉ် ဖြစ်လာကြောင်း ဆိုပါသည်။

မိုင်းတုံမြို့ နယ် နားကောင်းမူးဒေသခံများပြောကြားချက်က -“မနေ့တုန်းက ပုံပါကျင်ဗျူဟာတပ်ကို ရောက်လာတာ လက်နက် ကြီး ရ လက်လောက်ရှိမယ်။ ကျနော်တို့က သေနတ် အကြောင်းနားမလည်ဘူး၊ အဲဒီလက်နက်ကြီးရဲ့ အထိုင်က တော်တော် ကြီးတယ်။ တပ်ဆင်ပြီးရင် ကျနော်ထင်တာ ၅-၆ ယောက်လောက် ထမ်းရမှာဘဲ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ထို့အတူ ဖေဖေါ်ဝါရီလ နှောင်းပိုင်းတွင် တြိဂံဒေသ မူးယစ်ရာဇာ နော်ခမ်းအဖွဲ့အား ချေမှုန်းရှင်းလင်းရေး၌စေလွတ်ထား သော တပ်ရင်း ၂-၃ ရင်းလည်း တပ်ပြန်ရုပ်ပြီး မြောက်ပိုင်း ၀ နယ်မြေ နယ်ခြားတလျှောက်ဖြစ်သည့် မိုင်းခတ်၊ မိုင်းနုန်းဘက် (ကျိုင်းတုံမြို့ မြောက်ဘက် ကီလို ၁၂၀ ကျော်အကွာ) သို့ ပြောင်းရွှေ့ချထားကြောင်း ဒေသခံတဦးက အခုလိုပြောပါသည်။

“ကျနော်တို့ဘက် လှုပ်ရှားတဲ့ နအဖ တပ်တွေ ၀ နယ်စပ်ကို ပြောင်းသွားပြီပြောတယ်။ အခုဆိုရင်အများဆုံး တစ်ရာ လောက် ဘဲကျန်တယ်၊ နော်ခမ်းတို့အတွက် လုပ်ငန်းပြန်လည်ပတ်ဖို့ အခြေအနေပိုကောင်းတာပေါ့” - ဟု ဆို၏။

တရုပ်နယ်စပ်ဘက်တွင်လည်းကောင်း တောင်ဘက်ထိုင်းနယ်စပ်ဘက်တွင်လည်းကောင်း၊ နအဖ နှင့် ၀ တပ်ဖွဲ့ တင်းမာသည့် အနေအထား၊ တင်းကြပ်သောလုံòခံရေးတို့ကြောင့်မူးယစ်မှောင်ခိုအဖွဲ့များအတွက် တြိဂံဒေသ လမ်းကြောက အခြေအနေ ပြန်ကောင်းလာကြောင်း ဆိုပါသည်။
သျှမ်းပြည်တွင်း အပစ်ရပ်အခြေအနေစောင့်ကြည့်လေလာသူ သျှမ်းခေါင်းဆောင်တဦးက - “အပစ်ရပ်အဖွဲ့နဲ့ နအဖ တင်း မာလာတဲ့ အနေအထားကြောင့် ပြီးခဲ့တဲ့လကတည်းက တပ်မ ၅၅ တို့ ၈၈ တို့ သံလွင်အရှေ့ဘက်ခြမ်းရောက်လာတယ် လို့သတင်းထွက်တယ်။ အမှန်တော့ အခုမှ ကလောက တပ်မ ၅၅ ဖြစ်ဖို့များတယ်” ဟု ဆို၏။

Most read this week