လက်ရှိ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်မကုန်မီတွင် ပြည်ထောင်စု ဝန်ကြီးဌာနများကို ပြောင်းလဲ ဖွဲ့စည်းသွားမည် ဖြစ်ပြီး ယင်းသို့ ပြောင်းလဲရာတွင် ဖျက်သိမ်းသင့်သည့် ဌာနများကို ဖျက်သိမ်းပြီး ပူးပေါင်း ဖွဲ့စည်းသင့်သည့် ဌာနများကို ပူးပေါင်း ဖွဲ့စည်းသွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
အစိုးရသက်တမ်း တစ်နှစ်စွန်းစွန်းသာ ကျန်တော့သည့် သမ္မတ ဦးသိန်းစိန်က ''၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်မကုန်မီ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖွဲ့စည်းပုံပြုပြင် ပြောင်းလဲဖွဲ့စည်းမှု ပြုလုပ်သွားမည်ဖြစ်ပြီး ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် စတင်သည်နှင့် လူသစ်၊ စိတ်သစ်၊ ဖွဲ့စည်းပုံ အသစ်နှင့် ပြည်သူများ လိုလားနှစ်သက်သည့် အုပ်ချုပ်မှု ယန္တရားဖြစ်စေရန် ပြောင်းလဲသွားမည်'' ဟု ဆိုသည်။
ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သဘင်ဆောင်တွင် ကျင်းပသည့် အဆင့်မြင့် အရာ ရှိများ အထူးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။
ပြည်ထောင်စု ဝန်ကြီးဌာနများကို ဖျက်သိမ်း၊ ပူးပေါင်းမည့် သမ္မတ၏ ပြောဆိုချက်အပေါ် သမ္မတရုံး အကြီး တန်းအရာရှိတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ Structure (ဖွဲ့စည်းပုံ) မှားနေတဲ့အခါကျတော့ လုပ် ရတာ အဆင်မပြေဘူး။ အရင်တုန်းက ပေါ်လစီ၊ အရင်တုန်းက Structure နဲ့လုပ်တာ။ အခုကျတော့ Structure ကို ပြန်ပြင်ရမယ်။ လုပ်ငန်းစနစ်ကို ပြန်ပြင်ရမယ်။ အခုက ပေါ်လစီက Change (ပြောင်းလဲ) သွားပြီ။ သို့သော် အောက်မှာ မပြောင်းနိုင်ဘူး ဖြစ်နေတယ်''ဟု ၄င်းက ပြောသည်။
''ဒါကလုပ်မယ့် Plan (အစီအစဉ်) ကို ပြောတာပဲ ရှိသေးတယ်ဗျ။ အကုန်လုံး ပြန်စိစစ်ရဦးမယ်''ဟု ၄င်းက ဆိုသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တတိယအဆင့်အရှိန် မြှင့် တင်မှု (Third Wave) အဖြစ် လုပ်ဆောင်မည်ဟု ကြွေးကြော်ထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ တိုးတက်ရန်မှာ အစိုးရယန္တရား ဖွဲ့စည်းပုံပြင်ဆင်ရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၃၆ခု ရှိပြီး ဝန်ကြီးဌာနနှင့် ဝန်ကြီး၊ ဒု-ဝန်ကြီးတို့မှာ အရေ အတွက်အရ များနေသော်လည်း စီမံခန့်ခွဲမှုမှာမူ ညံ့ဖျင်းနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်း စိုးနိုင်က ဝေဖန်သည်။
''မလိုအပ်ဘဲနဲ့ ဝန်ကြီးဌာနတွေကို တိုးချဲ့ခဲ့တဲ့ ကိစ္စပဲဗျ။ ဒါပေမဲ့ အဲ့လိုတိုးချဲ့လိုက်တဲ့အတွက် တိုင်းပြည် ဘဏ္ဍာ ကုန်သွားတာပဲရှိပြီး စီမံခန့်ခွဲရေး စနစ်ကတော့ ပိုကောင်းမလာတဲ့အပြင် ပိုတောင် ဆိုးလာတယ်။ ဒါကြောင့် ဝန်ကြီးဌာနတွေကို အကျဉ်းချံုးပစ်လိုက် တာ ကောင်းတယ်'''ဟု ၎င်းက မှတ်ချက်ပြုသည်။
သမ္မတဦး သိန်းစိန်၏ အစိုးရသက်တမ်းအတွင်း ဝန်ကြီး၊ ဒု-ဝန်ကြီးများကို ဌာနအပြောင်းအလဲ များစွာပြုလုပ်ခဲ့ပြီး အစိုးရသက်တမ်း နောက်ဆုံးနှစ်ရောက်မှသာ ဝန်ကြီးဌာနများကို ဖျက်သိမ်း၊ ပူးပေါင်းပြီး ဖွဲ့စည်းရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိရှိနေသည့် အစိုးရဝန်ကြီးဌာန အချို့ကို ဖျက်သိမ်းသင့်သကဲ့သို့ ဌာနအချို့ကိုလည်း ပေါင်းစပ်ဖွဲ့စည်း သင့်သည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ထောက်ပြသည်။
''လုပ်သင့်တာ ကြာနေပြီဗျ။ အခုဟာက ကားနဲ့သင်္ဘောက ဝန်ကြီးဌာနတစ်ခု၊ လေယာဉ်ပျံကျတော့ တစ်ခု ဖြစ်နေတယ်။ ဒီလိုသာဆိုရင်ဗျာ၊ အားကစားဝန်ကြီးဌာနမှာတောင် အများကြီး ခွဲသင့်ပြီ။ ဘောလုံး ဝန်ကြီး ဌာန၊ ခြင်းလုံး ဝန်ကြီးဌာန ဆိုပြီးတော့ပေါ့'' ဟု ဦးလှဆွေက ပြောသည်။