သံလွင် ရေကာတာများ ရပ်တန့်ရန် အစိုးရနှင့် ကုမ္မဏီများထံံ မြစ်ချောင်းများ ကွန်ယက် တောင်းဆိုစာပို့

သံလွင် ရေကာတာများ ရပ်တန့်ရန် အစိုးရနှင့် ကုမ္မဏီများထံံ မြစ်ချောင်းများ ကွန်ယက် တောင်းဆိုစာပို့
by -
သျှမ်းသံတော်ဆင့်

သံလွင်မြစ်ပေါ်  တည်ဆောက်မည့် ရေကာတာကြီး ၆ ခု စီမံကိန်းရပ်တန့်ရန်  လူထုခြောက် သောင်းကျော်မှ လက်မှတ်ရေးထိုးတောင်းဆိုထားသည့်စာကို မြန်မာ့ လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာနနှင့် တရုတ်၊ ထိုင်းသံရုံးများသို့ မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်သည်။  

“သံလွင်မြစ်ပေါ်မှာ ရေကာတာစီမံကိန်းကြီး ၆ ခု စတင်ဖို့ ပညာရှင်တွေ ကွင်းဆင်းလေ့လာနေတဲ့အဆင့်မှာ ရှိနေ ပါတယ်။ တကယ်လို့ လက်တွေ့တည်ဆောက်ဖြစ်မယ်ဆိုရင် သံလွင်မြစ်တလျှောက်မှာ နေထိုင်တဲ့ဒေ သခံလူထု မိသားစု သိန်းနဲ့ချီနေရာပြောင်းရွှေ့ရမယ်။ စီမံကိန်းပြီးလို့ရှိရင်လည်း ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်တာ တွေ ခံရမယ်။ ရေကာတာကျိုးပေါက်ပြိုပျက်မယ်ဆိုရင် ရေဘေး သင့်မှာဖြစ်တဲ့အတွက် စီမံကိန်းဖျက်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ မအနန် က ပြောသည်။

for damm news

သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းဆောက်လုပ်ရေးရပ်တန့်ဖို့  ဒေသခံခြောက်သောင်းကျော်  လက်မှတ်ရေးထိုးသည့် စာကို နိုင်ငံရေးအဖွဲ့အစည်းအပြင် အဖွဲ့အစည်းပေါင်း ၁၃၁ ဖွဲ့က ထောက်ခံထားကြောင်း၊ အဆိုပါစာကို မြန်မာ အစိုးရနှင့်တရုတ်၊ ထိုင်းကုမ္မဏီတွေဆီကို ပေးပို့ လိုက်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က ဂျန္နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရေကာတာစီမံကိန်းဆောက်လုပ်မည့်နေရာတိုင်းတွင် လက်နက်ကိုင်တိုင်းရင်းသားများ လှုပ်ရှားရာဒေသ ဖြစ်နေ သည့်အပြင် သဘာဝသယံဇာတလည်း ပေါများသည့်နေရာ ဖြစ်နေသည့်အတွက် ယနေ့တိုင် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွါးနေကြောင်း၊ ဒေသခံလူထုတို့ လူ့အခွင့်အရေး အဆက်မပြတ် ချိုးဖောက်ခံနေ ရကြောင်း ပြော ရေးဆိုခွင့်ရှိ သူ စိုင်းခေးဆိုင်က ဆိုသည်။  

“ရေကာတာစီမံကိန်းဆောက်ရင် ဒေသခံလူထုတွေ ကောင်းကျိုးထက်ဆိုးကျိုး  ပိုပြီးခံစားရမယ်။ ကုမ္မဏီက ထုတ်လုပ်မယ့် လျှပ်စစ်မဂ္ဂါ၀ပ် ၁၆၀၀၀ မှာဆိုရင် မဂ္ဂါ၀ပ် ၁၀ လောက်ဘဲ ဒေသခံတွေ သုံးစွဲရမှာ ဖြစ်တယ်။ ကျန်တဲ့ ၁၅၀၀၀ ကျော်ဟာ ပြည်ပကို ပို့ဆောင်ရောင်းချမှာဖြစ်တယ်။ မဂ္ဂါ၀ပ် ၁၅၀၀၀ ပြည့်မှ ပိုလျှံတာကို ဒေသခံတွေ သုံးစွဲရမယ်ဆိုတော့ အဲလောက်ပြည့်တဲ့အချိန်အထိ ရေကာတာကြီးက တည်တံ့ခိုင်မြဲမယ်လို့ ဘယ်သူမှအာမ မခံ နိုင်ဘူး။  အကြောင်းအမျိုးမျိုးကြောင့် ရေကာတာပြိုပျက်လာရင် အရင်ဆုံးထိခိုက်မှာက ဒေသခံလူထုဘဲလေ။ ဒါကြောင့် မြန်မာနိုင်ငံအစိုးရအနေနဲ့ တိုင်းသူပြည်သားတွေဘဝ လုံခြုံရေးနဲ့ နိုင်ငံထာဝစဉ် တည်တံ့ဖွံ့ဖြိုးရေး တွေကိုကျော်ပြီး အခြားနိုင်ငံကို စွမ်းအင်တင်ပို့ရောင်းချဖို့ တစ်ခုတည်းကို ဦးစားပေးတာ မစဉ်းစားသင့်ပါဘူး” ဟု စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။

သံလွင်မြစ်ရေကာတာစီမံကိန်း(၆)ခုမှာ သျှမ်းပြည်တွင် ကွန်လုံရေကာတာ ၊ နောင်ဖာရေကာတာ၊ မန့်တောင်းရေ ကာတာ (သံလွင်မြစ် လက်တက် နမ့်မချောင်းပေါ်)၊ တာ့ဆန်းခေါ် မိုင်းတုံ ရေကာတာ၊ ကရင်နီပြည်တွင် ရွာသစ် ရေကာတာနှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာတို့ဖြစ်သည်။

အဆိုပါရေကာတာများအား အကောင် အထည်ဖေါ်ဆောင်ရာတွင် ပါဝင်နေသည့် ပြည်ပကုမ္မဏီများမှာ Thailand’s EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, နှင့် China Datang Overseas Investment Co.Ltd များဖြစ်ပြီး ပြည်တွင်းကုမ္မဏီများအဖြစ် International Group of Entrepreneurs Co. LTD, Shwe Taung, Asia World များ ပါဝင်သည်။

မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်သည် အစိုးရနှင့်သက်ဆိုင်ရာအာဏာပိုင်များထံ ထိုသို့သော စီမံကိန်း ကန့်ကွက်စာပေးပို့သည်မှာ ၃ ကြိမ် ရှိပြီဖြစ်ကြောင်း၊ ဒေသခံလူထုတို့ ရေဘေးသင့်မည်မဟုတ်ဟု အစိုးရဘက်က တုန့်ပြန်ခဲ့ကြောင်း ဆို၏။

အစိုးရထံမှ ခွင့်ပြုချက်ရရှိပါက ပြည်ပကုမ္မဏီကလည်း စီမံကိန်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ သံလွင် မြစ်တလျှောက်နေ ပြည်သူလူထုတရပ်လုံးမှလည်း ရေကာတာစီမံကိန်းများအား တခဲနက် ကန့်ကွက်လက်မှတ် ရေးထိုးသင့်သည်ဟု မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက်က တိုက်တွန်းပြောဆိုလိုက်သည်။