အစိုးရဝန်ထမ်း လစာတိုးချိန်နှင့်အညီ ပုဂ္ဂလိအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ပေးရန် လိုအပ်ဟုဆို

အစိုးရဝန်ထမ်း လစာတိုးချိန်နှင့်အညီ ပုဂ္ဂလိအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ပေးရန် လိုအပ်ဟုဆို
by -
မဇ္စျိမ

အစိုးရဝန်ထမ်း လစာတိုးချိန်နှင့်အညီ ပုဂ္ဂလိအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ပေးရန် လိုအပ်ဟုဆို

 ဧပြီလတွင် အစိုးရဝန်ထမ်းများ လစာတိုးပေးမည် ဆိုသည့် သတင်းက အနည်းဆုံးလုပ်ခလစာ မသတ်မှတ်နိုင်သေးသည့် ပုဂ္ဂလိက အလုပ်သမားပြဿနာ  ပိုမိုကြီးထွားလာစေနိုင်သည့်အတွက် အစိုးရက လုပ်ခ၊ လစာကို ပြတ်သားစွာ သတ်မှတ်ဆုံးဖြတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

အလုပ်သမား၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်မှုကော်မတီက အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အချိန်ကာလ နှစ်လကြာ သုတေသနပြု လုပ်နေရာ ဖေဖော်ဝါရီလကုန်တွင် အဆိုပါ သုတေသနစစ်တမ်း အပြီးသတ်မည်ဖြစ်သည်။

အဆိုပါ သုတေသနပြုချက်ပေါ်အခြေခံကာ ဧပြီလ အစိုးရဝန်ထမ်းများ လစာတိုးချိန်အမီ အဆိုပါ အစိုးရ ဝန်ထမ်းများ၏ အခြေခံနှုန်းထားနှင့် အညီ ပုဂ္ဂလိက အလုပ်သမားများ၏ လုပ်ခလစာကိုလည်း ကိန်းရှင် စံနှုန်းဖြင့် ဝန်ကြီးဌာနက ဆုံးဖြတ်သတ်မှတ်ရန် လိုအပ်သည်ဟု ဦးအောင်လင်းက ဆိုသည်။

''အလုပ်သမား ဆွေးနွေးပွဲကလည်း အဖြေမထွက်၊ အလုပ်ရှင်ဆွေးနွေးပွဲကလည်း အဖြေမထွက်လာတော့ အခု ကော်မတီက survey လုပ်နေတယ်။ အဲဒီကရလာတဲ့ အချက်ပေါ်အခြေခံပြီးတော့ပဲ ကိန်းသေ စံနှုန်း မဟုတ်ဘဲ အပြောင်းအလဲလုပ်နိုင်မယ့် အခြေခံလုပ်ခ လစာနှုန်းထား သတ်မှတ်ပေးလိုက်ဖို့လိုပါပြီ။ အဲလိုမှ မဟုတ်ရင် ဧပြီလ ဝန်ထမ်းတွေ လစာတိုးလာတဲ့အခါ ကုန်စျေးနှုန်းက တက်လာမယ်။အဲဒါတွေကို ချိန်ညှိ ပြီးတော့ အစိုးရက ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးဖို့ လိုပါတယ်'' ဟု ၄င်းက ပြောသည်။

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် နေပြည်တော်တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအရလည်းကောင်း၊ ဒီဇင်ဘာ ၂ဝ ရက်တွင် အလုပ်သမား၊ တောင်သူလယ်သမား သမဂ္ဂများ၏ အလုပ်ရုံဆွေးနွေးပွဲမှ လည်း ကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် အလုပ်ရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများမှလည်းကောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေး အဆိုပြုချက်များကို အနည်းဆုံး အခကြေးငွေ သတ်မှတ်မှု ကော်မတီ အဖွဲ့သို့ ပေးပို့ထားပြီဖြစ်သည်။

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက် အလုပ်သမား သမဂ္ဂ သုံးခု၏ ဆွေးနွေးချက်များအရ တစ်နေ့ လုပ်ခ ကျပ် ၅,ဝဝဝ၊ လုပ်သက်ကြေး၊ ထပ်ဆောင်းငွေနှင့် နှစ်တိုးကြေးတို့ ပါဝင်သတ်မှတ်ပေးရန်နှင့် နိုင်ငံ ဝန်ထမ်းများ လစာတိုးမြှင့်မည့် အနိမ့်ဆုံးဝန်ထမ်း၏ လစာထက်မနည်း သတ်မှတ်ပေးရန်တို့ကို အဆိုပြုခဲ့သည်ဟု ဦး အောင်လင်းက ဆိုသည်။

လှိုင်သာယာစက်မှုဇုန် (၁၊ ၂၊ ၃၊ ၄၊ ၆၊ ရ)၏ ဥက္ကဋ္ဌ ခုံသမာဓိကောင်စီအဖွဲ့ဝင် ဦးမြတ်သင်းအောင်က ''လုပ်ခကိုတော့ တိုးပေးသင့်တယ်။ ဒါပေမဲ့ ဥပဒေမှာတော့ ခြောက်လတစ်ကြိမ် ပြန်စိစစ်ပြီး ပြင်ဆင် သတ်မှတ်ဖို့ဆိုတာမျိုးဆိုရင် အလုပ်ရှင်ဘက်ရော၊ အလုပ်သမားဘက်ရော မျှတပါမယ်'' ဟု ပြောသည်။

အနည်းဆုံးလုပ်ခလစာကို ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ဇွန် ၃ ရက်က ပြည်ထောင်စု လွှတ်တော်၊ ဒသမပုံမှန် အစည်းအဝေး၌ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ကတိပြုထားသော်လည်း အဆိုပါ စစ်တမ်း ကောက်ယူမှုကို ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့သည်။

အဆိုပါ အနိမ့်ဆုံးလုပ်ခလစာကို စစ်တမ်းကောက်ယူ ရရှိမှုပေါ် မူတည်၍ တိုင်းနှင့် ပြည်နယ်အလိုက် လုပ်ငန်းကဏ္ဍအလိုက် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ကာ အများပြည်သူသိရှိအောင် ကြေညာပေးပြီး ထိုသို့ သတ်မှတ်ချက်ကို ကျေနပ်မှုမရှိ၍ ကန့်ကွက်လိုသူများသည် ရက်ပေါင်း ၆ဝ အတွင်း ကန့်ကွက်နိုင်မည် ဖြစ်သည်။