ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။
ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးဆောင်၍ ခြောက်ဦးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန် သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြု မှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိစေမည့်မူ ဘောင်များ ကြိုတင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည် ဟု ဖော်ပြထားသည်။
သို့ပါ၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွက် မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ပါ သည်ဟု ဆက်လက်ဖော်ပြထား သည်။
ခြောက်ပွင့်ဆိုင်အတွက် တိုင်းရင်းသား ကိုယ်စားပြုရွေးချယ်ခံရသူ ဒေါက်တာ အေးမောင်က ''ဒါက သမ္မတက ခြောက်ပွင့်ဆိုင် လက်ခံတယ် ဆိုတဲ့ သဘောပါ၊ ကျွန်တော်တို့က Framework ဆွဲပေးရမယ့်သဘောလို့ ထင်ပါတယ်'' ဟုဆိုသည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့် အနာဂတ်မြန်မာ နိုင်ငံတော်တည်ဆောက် ရေး အတွက် လွှတ်တော်က တိုက်တွန်းထားသော်လည်း အခြေခံဥပဒေပြင်ဆင်ရေးတွင် အခန်း ၁၂ ပုဒ်မ များဖြစ်သည့် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ နှင့် ၄၃၆ အရသာ ပြင်ဆင်ရေးအတွက် လိုက်နာမည်ဖြစ်ကြောင်း၊ ယင်းပုဒ်မများ၏ လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ပါက လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းလွှတ်တော်တို့က အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လူမျိုးစု ခုနစ်စု ပါဝင်သော တွေ့ဆုံမှုကို အလေးထား၍ တိုင်းရင်း သားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းအားလုံး နှင့် နိုင်ငံရေးအင်အားစုများ လက်ခံသော တွေ့ဆုံမှုကို ဖြစ်စေလိုကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။
နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ရုပ်သိမ်းမည် မဟုတ်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်က ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် တွေ့ဆုံအပြီး မီဒီယာများကို ပြောကြားခဲ့သည်။