အရွယ်မရောက်သေးသော ၁၆နှစ်အောက် အမျိုးသမီးငယ်အမှုကိစ္စများအတွက် အခမဲ့ရှေ့နေလိုက်ပေးပြီး ဥပဒေပိုင်းအရ အကူအညီပေးသွားရန် ကရင်ရှေ့နေများကွန်ရက်မှ ဇန်နဝါရီ ၁၇ရက်နေ့၌ ဆုံးဖြတ်ခဲ့ကြသည်ဟု ကွန်ရက်တာဝန်ခံဖြစ်သူ အထက်တန်းရှေ့နေ နော်ဆာမူခါးက ကေအိုင်စီသို့ ပြောသည်။
ကရင်ရှေ့နေများကွန်ရက်အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် များကောင်စီ၊ ဒေါက်တာလှဖူးခန်းမ၌ တွေ့ဆုံ၍ ၂၀၁၅ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်သည့်အခါ အမျိုးသမီးအမှုကိစ္စများအပေါ် ထိုသို့ ထည့်သွင်းဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သည်။
ကရင်ရှေ့နေကွန်ရက်တာဝန်ခံ အထက်တန်းရှေ့နေ နော်ဆာမူခါးက “ပြည်သူတွေအနေနဲ့ အမှုပြဿနာတွေကို ကျမတို့ ကရင်ရှေ့နေများကွန်ရက်ကို အကူအညီတောင်းလို့ရပြီး၊ တတ်နိုင်သလောက် အကူအညီပေးသွား မယ်။ အထူးသဖြင့် အမျိုးသမီး၊ ကလေးနဲ့ပတ်သက်လာတဲ့ ကိစ္စကတော့ အခုလက်ရှိ ၁၆ နှစ်အောက် အမျိုးသမီးတွေကို အခမဲ့ရှေ့နေ လိုက်ဆောင်ရွက်ပေးသွားမယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ အတွင်းက ကရင်ရှေ့နေများကွန်ရက်သို့ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုး သမီးငယ်တစ်ဦး အမှုကိစ္စနှင့်ပတ်သက်၍ အကူအညီတောင်းခံခဲ့သော်လည်း ကူညီရန် အဆင်သင့်မဖြစ်သေး သည့်အတွက် အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးလိုက်ရပြီးနောက် နောင်တွင် ထိုသို့မဖြစ်စေရန် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း နော်ဆာမူခါးက ဆက်ပြောသည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကရင်ရှေ့နေများကွန်ရက် အဖွဲ့ဝင်များ တွေ့ဆုံမှုတွင် ရန်ကုန်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှ ကရင်ရှေ့နေကွန်ယက်အဖွဲ့ဝင် စုစုပေါင်း ၃၅ဦး တက်ရောက်ကြပြီး နံနက် ၉နာရီမှ စတင်ကာ ညနေ ၂နာရီအထိ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ကရင်ရှေ့နေများကွန်ရက်၏ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုလိုက်ပြီး နယ်တွင်ဖြစ်ပွားသည့် အမှုများကို ကူညီ လုပ်ကိုင်ပေးမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်ဟု မြင်ကြောင်း ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအသင်း(KWEG)မှ ပရိုဂရမ်တာဝန်ခံ နန့်စုစုလှိုင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “သူတို့ လုပ်ပေးနိုင်ရင်တော့ အရမ်းကောင်းတယ်။ အခု အမှုကိစ္စတွေက အများကြီးပဲဖြစ်နေတာ။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်က ဥပဒေအကူအညီပေးရေးအဖွဲ့တွေက ရန်ကုန်မြို့နဲ့ အနီးအနားပဲ သူတို့ လိုက်နိုင်တယ်။ နယ်တွေဆိုရင်တော့ သူတို့နဲ့ နီးစပ်တဲ့ ရှေ့နေတွေနဲ့တစ်ဆင့် ပြန်ချိတ်ဆက်ပေးတယ်။ နယ်တွေကို ကွန်ရက်အနေနဲ့ လိုက်နိုင်မယ်ဆိုရင်တော့ အရမ်းကောင်းမှာပဲ”ဟု ပြောဆိုသည်။
ထို့အပြင် ကရင်ရှေ့နေများကွန်ရက်သည် ၁၉၈၃ ခုနှစ်ကတည်းက ဘွဲ့လက်မှတ်မရရှိသေးသည့် ကွန်ရက် အဖွဲ့ဝင်တစ်ဦးကို ဘွဲ့လက်မှတ်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ကွန်ရက်အဖွဲ့ဝင်များကို ရှေ့နေလိုင်စင် များရရှိရေးတို့ကိုလည်း ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ကရင်ရှေ့နေများကွန်ရက်ကို မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို တရားမျှတစွာ ကူညီဆောင်ရွက်ပေးရန်နှင့် လိုင်စင်မရသေးသည့် ဥပဒေဘွဲ့ရ ကရင်ကျောင်းသူ၊ ကျောင်းသား များကို ရှေ့နေလိုင်စင်ရရှိအောင် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ခုနှစ်၊ ဇွန် ၁၆ ရက်နေ့၌ ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းကာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီ တိုင်းဒေသကြီး၊ မွန်၊ ကရင်နှင့် ရှမ်း (သျှမ်း)ပြည်နယ်တို့မှ ကရင်ရှေ့နေ ရ၀ ဦးဖြင့် ချိတ်ဆက်ထားလျှက်ရှိသည်။