မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိချိန်တွင် စစ်တပ်သည် လက်ရှိ နိုင်ငံရေးတာဝန် အခန်းကဏ္ဍမှ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ်သတင်းဌာနနှင့် တစ်နာရီကြာ အင်တာဗျူးတွင် ဖြေသွားသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုပိုင်းတွင် ခက်ခဲရှုပ်ထွေးနေခြင်းကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်နေ ဆဲ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီသည် အခြေတည်စသာ ဖြစ်သည့်အတွက် ယခုအဆင့်တွင် စည်းကမ်းရှိကြရ မည်ဖြစ်ပြီး ဖရိုဖရဲ မဖြစ်သင့်ကြောင်း အသက် ၆၉ နှစ်အရွယ်ရှိ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ သမ္မတ ဦးသိန်းစိန်က ပြောသည်။
စစ်အစိုးရမှ အရပ်သားတစ်ပိုင်း အစိုးရလက်သို့ အာဏာလွှဲပြောင်းပေးခဲ့သည်မှာ လေးနှစ်နီးပါး ရှိလာပြီ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် မတ်လတွင် မိန့်ခွန်းပြောကြားခဲ့စဉ်က ဆယ်စုနှစ်များစွာကြာ အကျပ်အတည်း ကာလအတွင်း ဂိုဏ်းဂဏတိုက်ပွဲများ၊ လူမျိုးရေး ခွဲခြားမှုများရှိခဲ့ကြောင်း ဦးသိန်းစိန်က အသိအမှတ်ပြု ဝန်ခံခဲ့ပြီး နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ပေးသွားမည််ဖြစ်ကြောင်း သမ္မတ က ကတိပြုခဲ့သည်။
စစ်အစိုးရသည် နိုင်ငံကို ဆယ်စုနှစ်များစွာ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး နိုင်ငံတကာအသိုင်း အဝိုင်း၏ ပြစ်တင်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကြံုတွေ့ခဲ့ရသည်။ သို့သော် ၂ဝဝ၃ ခုနှစ်က စစ်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံသို့ အသွင်ကူးပြောင်းရေး အတွက် အချက်ခုနစ်ချက်ပါ လမ်းပြမြေပုံတစ်ရပ် ကို ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်ကို ၂ဝဝ၄ ခုနှစ်တွင် စတင်ခဲ့သည်။
လက်ရှိအချိန်တွင်လည်း နိုင်ငံ၏ လွှတ်တော်ထဲတွင် အမတ်အရေအတွက်၂၅ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားသည်။ အမျိုးသား လုံခြံုရေးဆိုင်ရာ နယ်ပယ်ကဏ္ဍများနှင့် သက်ဆိုင်သော အဓိက ဝန်ကြီးသုံး နေရာကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်အပ်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် မည်သည့်အဆင့်တွင် ရောက်ရှိနေသည်ကို မေးမြန်းရာ သမ္မတ ဦးသိန်းစိန်က''ကျွန်တော်တို့ဟာ အခုမှအခြေတည်စ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ ပြည် သူ တွေကလည်း လေ့လာသင်ယူနေတဲ့အဆင့်မှာပဲ ရှိပါသေးတယ်'' ဟု ဖြေကြားသည်။
''ဗရမ်းပတာဖြစ်နေမယ့် ဒီမိုကရေစီအစား လောလောဆယ်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တာ သင့်လျော်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်'' ဟု ၎င်းက ပြောသည်။
''ဒါပေမဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ အတွေ့အကြံု အလေ့အထတွေမှာ နေသားတကျဖြစ်ပြီး ရင့်ကျက် လာတာနဲ့အမျှ အများစုကတော့ ပိုပြီးအသိပညာတွေ တိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်'' ဟု ၎င်းက ပြောသည်။
၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးချိန်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများရရှိရေးမှာ အလွန်အရေးကြီးကြောင်း ဦးသိန်းစိန်က ပြောကြားသည်။
''အကယ်၍ ကျွန်တော်တို့ဟာ ပြည်တွင်း မငြိမ်သက်မှုပြဿနာတစ်ရပ်နဲ့ ဆက်လက်ရင်ဆိုင်ရမယ်ဆိုရင် တပ်မတော်ကလည်း နိုင်ငံမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်'' ဟု ၎င်းက ပြောသည်။
''ကျွန်တော်တို့ဟာ ပြည်တွင်း မတည်ငြိမ်မှု ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းအဆုံးသတ်နိုင်ပြီး ပြည် သူတွေက ဒီမိုကရေစီကျင့်စဉ်တွေ၊ အလေ့အထစံနှုန်း တွေအတိုင်း ကျင့်ကြံနိုင်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း တဖြည်းဖြည်းချင်း လျော့ကျသွားမှာပါ'' ဟု ၎င်းက ပြောသည်။
ယခု အင်တာဗျူးသည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု နှစ်ကုန်ပိုင်းတွင် နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေစီကို စမ်းသပ်မှုတစ်ခုအဖြစ် အနီးကပ်စောင့်ကြည့်သွားရမည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက် နောက်ခံ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အသွင်ကူးပြောင်းမှု၏ တစ် စိတ်တစ်ပိုင်းအဖြစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သော လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း သမ္မတ ဦးသိန်းစိန်က ''နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲတွေကို အနီးကပ်စောင့်ကြည့်မယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်ထားပါတယ်။ ၂ဝ၁၅ ထဲမှာ ပါတီစုံ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး မျှတဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်'' ဟု ပြောသည်။
''ကျွန်တော်တို့ စစ်အစိုးရတစ်ရပ် ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တဲ့အစိုးရတစ်ရပ်ကို ကူးပြောင်းခဲ့တဲ့နေရာမှာ ငြိမ်းချမ်းမှုရှိခဲ့ပြီး တခြားနိုင်ငံတွေမှာလို အကျပ်အတည်း သွေးထွက်သံ ယိုမှုတွေ မဖြစ်ခဲ့ပါဘူး'' ဟု ၎င်းက ပြောသည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းသူများသည် လက်နက်ကိုင် အုပ်စုများနှင့် ဆွေးနွေးနေပြီး လက်ရှိနိုင်ငံ၏ ငြိမ်းချမ်းရေး အခြေအနေနှင် ့ပတ်သက်၍ ဦးသိန်းစိန်က ''ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ သုံးနှစ် တာအတွင်း ကြိုးပမ်းအားထုတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် အဲဒါတွေက ကျွန်တော်တို့ကို အတော်ကို အားတက်စေပါတယ်'' ဟု ၎င်းက ပြောသည်။
''ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ဒေသအားလုံးနီးပါးမှာ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ဆောင်ထားနိုင်ခဲ့ ပါတယ်။ ကချင်ပြည်နယ်က နေရာ အချို့ကလွဲရင်ပေါ့။ ဒါဟာလည်း နည်းပညာအခက်အခဲတွေ နဲ့ မြေပြင်ပိုင်းမှာ နားလည်မှု၊ လွဲမှားမှုတွေကြောင့် ကျွန်တော်တို့တွေဟာ မမျှော်လင့်ဘဲနဲ့ တိုက်ခိုက်မှုတွေကို မြင်နေရ တာပါ။အတိတ်တုန်းကဆိုရင် ကျွန်တော်တို့တွေဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။ တိုက်ပဲ တိုက်နေခဲ့ကြတာပါ။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့တွေဟာ တစ်ဦးနဲ့ တစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး စားပွဲတစ်ခုတည်းမှာ ထိုင်ပြီး ဆွေးနွေးနေနိုင်ပါပြီ'' ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် နိုင်ငံ၏ပြည်ထောင်စုနေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှု လက်မှတ်ရေးထိုးမည့် အစီအစဉ်အပေါ် လက်နက်ကိုင်အဖွဲ့များက သဘောကွဲလွဲလျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့ အချို့ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိပါကလည်း အစိုးရအနေဖြင့် ဆန္ဒရှိသူများနှင့် လက်မှတ်ရေးထိုးမည်ဖြစ်ကာ ကျန်ရှိနေသူများကိုလည်း နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် ဆက်လက် တံခါးဖွင့်သွားမည်ဟု အဆင့်မြင့် အစိုးရ အရာရှိများက ပြောသည်။
''ကျွန်တော်ကတော့ ဘယ်အဖွဲ့မှ ကျန်နေတာမျိုး မဖြစ်ချင်ပါဘူး'' ဟု ဦးသိန်းစိန်က ပြောသည်။
ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှ သွေဖည်နေသည်ဆိုသည့် ပြောကြားချက်များကို သမ္မတက ပြင်းပြင်းထန်ထန်ပယ်ချ သွားခဲ့သည်။ ''ကျွန်တော်စပြီး တာဝန်ယူချိန်တုန်းက နိုင်ငံမှာ တယ်လီဖုန်းသိပ်သည်း ဆက သုံးရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့တာပါ။ လက်ရှိ မှာတော့ နိုင်ငံရဲ့ ဝေးလံခေါင်း ပါးတဲ့နေရာတွေ အပါ အဝင်နိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆက ၃ဝ ရာခိုင်နှုန်းထိ ရှိလာပါပြီ။ ပြည်သူတွေ အတွက် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုတွေကို ရရှိနေပါပြီ။ ခရီးသွားကဏ္ဍမှာလည်း တိုးတက်လာခဲ့ပါတယ်။ ကျွန်တော် စရုံးတက်တဲ့အချိန်က ဆိုက်ရောက်ခရီးသည်က တစ်နှစ်ကို တစ်သန်းအောက်မှာပဲ ရှိခဲ့ပါတယ်။ ၂ဝ၁၄ မှာတော့ ဆိုက်ရောက်ခရီးသွား သုံးသန်းထိရှိလာပါပြီ။
၂ဝ၁၅ နှစ်ကုန်ပိုင်းမှာလည်း ခရီးသည် ငါးသန်းထိ လာရောက်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ လစဉ် လတိုင်း တိုးတက်မှုတွေ ဖြစ်ထွန်းနေပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေက ရပ်မနေပါဘူး။ တိုးတက် နေပါတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့ဟာ အရှိန်အဟုန်တစ်ခုကို ရရှိနေပါတယ်'' ဟု ၎င်းက ပြောသည်။