အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆ်ုိးရော့စ် စစ်တွေသို့ရောက်ရှိ

အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆ်ုိးရော့စ် စစ်တွေသို့ရောက်ရှိ
by -
နိရဥ္စရာ

အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ ဂျော့ဆိုးရော့စ် (George-Soros)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိခဲ့သည်။

သူသည် ယင်းနေ့နံနက် ၁ဝ နာရီခွဲခန့်က စစ်တွေလေဆိပ်သို့ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိ လာခြင်းဖြစ်ပြီး သူ၏လေယာဉ်ပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းနှင့် တစ်နာရီခန့် သီးသန့်ဆွေးနွေးခဲ့ကြသည်။

George-Soros

မည်သည့်အကြောင်းအရာကိုဆွေးနွေးခဲ့သည်ဆိုသည်ကို အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် အား နိရဥ္စရာက တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း ဝန်ကြီးချုပ်က “နောက်နေ့မှမေး”ဟုဆိုကာ ဖြေကြား ရန် ငြင်းဆန် ခဲ့သည်။

ယင်းသို့ဆွေးနွေးအပြီး ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုဖြစ်သော သက်ကေပြင်စခန်းနှင့် ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုစခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

ယင်းနောက် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက်ဖြစ်သော အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက် ပြီးရပ်ကွက်တွင်းရှိ ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံခဲ့သည်။

ယင်းနောက် စစ်တွေဟိုတယ်တွင် ခေတ္တအနားယူကာ လေဆိပ်သို့ပြန်လာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ခွဲတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ မြို့မိမြို့ဖအချို့ပါဝင်ဖွဲ့စည်းထားသော အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး စင်တာ အဖွဲ့ဝင် များနှင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ဟု အဆိုပါ စင်တာ၏အဖွဲ့ဝင်များ က ဆိုသည်။

ယင်းအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်တွေခရီးစဉ်အတွင်း သူ၏လုံခြံုရေးကို သူ၏ ကိုယ်ပိုင်လုံခြံုရေးဝန်ထမ်းများအပါအဝင် ရခိုင်ဒေသ အာဏာပိုင်များ၏ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အထူးတင်းကျပ်စွာ လုံခြံုရေးယူထားခဲ့သည်။

ဂျော့ဆိုးရော့စ်သည် ရခိုင်ပြည်နယ်သို့မလာရောက်မီ ဇန်နဝါရီလ ရ ရက်နေ့က နေပြည်တော်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဘင်္ဂလီလူမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ဝေဝေနုနှင့် ဘင်္ဂလီ လူ့အခွင့်အရေးကာကွယ်သူ ဦးကျော်လှအောင်တို့နှင့်တွေ့ဆုံခဲ့ပြီး ရခိုင် ပြည်နယ်အတွင်းရှိ လူမျိုးစုနှစ်ခု အတူ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အပါအဝင် အခြားကိစ္စရပ်တစ်ချို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week